Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးဒဏ်ခံပြည်သူများအတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်ကူညီထောက်ပံ့လှူဒါန်းပေးကြသူများ၏ ရင်တွင်းစကားသံများ

ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ပြည်သူများသည် သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ကြရသည်။ ထိုသို့ သဘာဝဘေးဒဏ်ခံပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ ထိခိုက်ဒဏ်ရာခံစားခဲ့ရမှုအခြေအနေနှင့် အိုးအိမ်များပျက်စီးဆုံးရှုံးမှု အခြေအနေများအပေါ် မူတည်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိသည်။

နိုင်ငံတော်အစိုးရနှင့်အတူ မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်သူများက သဘာဝဘေးဒဏ်ခံပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ရေဘေးဒဏ်ခံပြည်သူများအတွက် မြန်မာနိုင်ငံအရပ်ရပ်မှ ပြည်သူများက လာရောက်လှူဒါန်းလျက်ရှိရာ ကူညီထောက်ပံ့လှူဒါန်းပေးကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။

နန်းဦးဆရာတော် ဘဒ္ဒန္တပုညဝန္တ ဒလမြို့

ဘုန်းဘုန်းတို့က အေလာလေယာဉ်ကွင်းအနီးက ရွာသစ်ကလေးကျေးရွာကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ မိသားစုတစ်အိမ်ထောင်စာအတွက် လိုအပ်တဲ့ပစ္စည်းတွေ စုပေါင်းထုပ်ပိုးထားပါတယ်။ အိမ်ထောင်စု ၂၅၀ စာနဲ့ ငွေကျပ်တစ်သိန်းစီ လှူဒါန်းသွားမှာဖြစ်ပါတယ်။ ကူမဲမြို့မှာလည်း ဝမ်းရောဂါဖြစ်ပွားတဲ့အတွက်ငွေကျပ် ၁၀ သိန်း လှူဒါန်းထားပါတယ်။ ရွာသစ်ကလေးကျေးရွာအတွက် လှူဒါန်းငွေ စုစုပေါင်းသိန်း ၃၀၀ ကျော် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ပြည်သူတွေ ဝတ်စရာ၊ စားစရာ လိုအပ်နေတဲ့အတွက် ပါဝင်ဖြည့်ဆည်းတာဖြစ်ပါတယ်။ ရဟန်း၊ သံဃာတွေလိုအပ်တဲ့အခါ ဒါယကာ၊ ဒါယိကာမတွေက ကြည့်ရှုထောက်ပံ့လှူဒါန်းကြပါတယ်။ အခုလို ရေကြီးရေလျှံဖြစ်တော့ ဘုန်းဘုန်းတို့က ဒါယကာ၊ ဒါယိကာမတွေကိုပြန်ပြီး ကြည့်ရှုထောက်ပံ့လှူဒါန်းတာပဲဖြစ်ပါတယ်။

ဒေါ်ကောမလသိင်္ဂီ ဇယရံသီ သီလရှင်စာသင်တိုက်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်

ဆရာလေးက ဇယရံသီသီလရှင်စာသင်တိုက်ကနေ လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ခုနစ်ရက်သားသမီးတွေ လှူဒါန်းထားတဲ့ ဝတ္ထုငွေ၊ အဝတ်အထည်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို အလှူရှင်တွေဝမ်းမြောက်အောင် ကိုယ်တိုင်လာရောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ အလှူရှင်တွေ သွားရောက်လှူဒါန်းမှုနည်းပါးတဲ့ နေရာဒေသတွေကို သွားရောက်ပြီး လှူဒါန်းမှာဖြစ်ပါတယ်။ ဒီလိုရေကြီးရေလျှံမှုမျိုး တစ်ခါမှမကြုံဖူးတဲ့အတွက် ကိုယ်ချင်းစာတဲ့စိတ်နဲ့ လှူဒါန်းတာဖြစ်ပါတယ်။ ရေဘေးသင့်ဒါယကာ၊ ဒါယိကာမတွေအတွက် ဒီလိုရေကြီး ရေလျှံမှုမျိုး နောင်မှာထပ်မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ခုနစ်ရက်သားသမီးတွေလည်း အန္တရာယ်ကင်းဝေးအောင် အမြဲဆုတောင်းပေးပါတယ်။ အခုလို လှူဒါန်းရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ တခြားသူတွေလို သိန်းပေါင်းထောင်ချီ မလှူဒါန်းနိုင်ပေမယ့်ကိုယ်ရဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ ဝိုင်းဝန်းပံ့ပိုးစုပေါင်း လှူဒါန်းမှုတွေကြောင့် အားတက်သရော ကိုယ်တိုင်လာရောက်ပါဝင်လှူဒါန်းခြင်းဖြစ်ပါတယ်။

ဦးထင်ကျော် ဝေါမြို့၊ ပဲခူးတိုင်းဒေသကြီး

ကျွန်တော်တို့က တပ်ကုန်းနဲ့ ရမည်းသင်းမြို့တွေကို သွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ သွားရောက်လှူဒါန်းမယ့် ပစ္စည်းတွေကတော့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အစားတွေ ဖြစ်ပါတယ်။ အရင်က တခြားနေရာတွေမှာ ရေကြီးရေလျှံဖြစ်ရင်လည်း တတ်အားသမျှ အမြဲကူညီဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့က ဂုံမင်းကန်ကျေးရွာ၊ မြစ်ကျိုးကျေးရွာနဲ့ ဝေါမြို့တွေမှာရှိတဲ့ ဗလီသုံးခုနဲ့ဘာသာပေါင်းစုံစုပေါင်းပြီး လာရောက်လှူဒါန်းခြင်းဖြစ်ပါတယ်။ မုဒုံမောင်မောင်က ဆန်ခြောက်ပြည်အိတ် ၁၅၀၊ လမ်းခရီးအတွက် အောင်စိုးမိုးဓာတ်ဆီဆိုင်က ဓာတ်ဆီနဲ့ ပဲခူးကိုဖိုးကျော်က ဆန် ၂၄ ပြည်အိတ် ၁၀ အိတ်လှူဒါန်းပါတယ်။ အခြားခုနစ်ရက်သားသမီး လှူဒါန်းပစ္စည်း၊ ငွေသားတွေလည်းပါပါတယ်။ နောက်ထပ်လည်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားတဲ့ ဘယ်အရပ်ဒေသမဆို သွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ သဘာဝဘေးကြုံရတယ်ဆိုတော့ အားလုံးစိတ်မကောင်းဖြစ်ကြရပါတယ်။ ဒီတစ်ခါ ရေကြီးရေလျှံမှုက အများကြီး ဒုက္ခရောက်ခံစားကြရတဲ့အတွက် ပိုပြီးစိတ်မကောင်းဖြစ်မိပါတယ်။

ဦးကျော်စွာဦး ဥက္ကဋ္ဌ၊ ရွှေတောင်လူမှုကယ်ဆယ်ရေး မောင်နှံအသင်း၊ မွန်ပြည်နယ်

ကျွန်တော်တို့အသင်းက နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်းသုံးနေရာကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကို ကယ်ဆယ်ရေးစခန်းတွေက အကူအညီတောင်းထားတာတွေလည်း ရှိပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့နေရာတွေကို လှူသွားမယ်။ လှူတဲ့အခါ စီမံခန့်ခွဲတဲ့အဖွဲ့တွေဆီ ပေးအပ်လှူဒါန်းသွားမှာရှိသလို လက်ဝယ်အရောက်လည်း လှူဒါန်းသွားဖို့ရှိပါတယ်။ ခုနစ်ရက်သားသမီး စုပေါင်းလှူဒါန်းပစ္စည်းတွေကတော့ ကုန်ခြောက်ပစ္စည်း၊ ဆန်၊ ဆီ၊ အသင့်စားခေါက်ဆွဲခြောက်၊ မုန့်၊ ငါးသေတ္တာ၊ ငါးပိထောင်း၊ ငါးခြောက်ကြော်၊ လက်ဖက်၊ အမျိုးသား၊ အမျိုးသမီး၊ ကလေးအဝတ်အထည်၊ အမျိုးသမီးအသုံးအဆောင်ပစ္စည်း၊ ဆေးပစ္စည်းတွေဖြစ်ပါတယ်။ သဘာဝဘေးကြုံတဲ့အခါ ပြည်သူကနေ ပြည်သူကို ကူညီထောက်ပံ့တာမျိုးဖြစ်ပါတယ်။ လှူဒါန်းပစ္စည်းတွေ ထပ်မံရရှိတဲ့အခါမှာလည်း လာရောက်လှူဒါန်းသွားဦးမှာဖြစ်ပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေကို လှူဒါန်းရတဲ့အတွက် အလှူရှင်တွေလည်း ကုသိုလ်ရသလို ကျွန်တော်တို့ကလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ အများပြည်သူတွေရဲ့ အခက်အခဲအဆင်ပြေသွားတယ်ဆိုရင် ကျွန်တော်တို့လည်း ပင်ပန်းရကျိုးနပ်ပါတယ်။

မမေဇင် တုသိတာလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့

ကျွန်မတို့အသင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁၇)ကဖြစ်ပါတယ်။ ရေကြီးရေလျှံမှုခံစားရတဲ့ တောင်ငူ၊ အုတ်တွင်း၊ ထန်းတပင်ဘက်က လိုအပ်နေတဲ့သူတွေဆီကို သွားရောက်လှူဒါန်းပြီး ပြန်လာတာဖြစ်ပါတယ်။ လှူဒါန်းပစ္စည်းကတော့ အဝတ်အထည်၊ ဆေးဝါး၊ စားသောက်ကုန်နဲ့ အလှူငွေတွေ သွားရောက်လှူဒါန်းတာ ဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းချင်တဲ့ ပြည်သူတွေရဲ့ ကိုယ်စား လှူဒါန်းပေးတာဖြစ်ပါတယ်။ ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုတွေကို မြင်တွေ့ရတာ ထိခိုက်ခံစားပြီး မျက်ရည်ကျရတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ အမြန်ဆုံးအဆင်ပြေပြေဖြစ်စေဖို့ ဆုတောင်းပေးနေမိပါတယ်။ ဒီလိုကိုယ်တိုင်သွားရောက်လှူဒါန်းတဲ့အခါ ကယ်ဆယ်ရေးအတွက် လှေတွေလိုအပ်နေတာကို တွေ့ခဲ့ရပါတယ်။ ပစ္စည်းတွေ၊ စားသောက်စရာတွေလှူဒါန်းကြပေမယ့် လှေကမလုံလောက်တဲ့အတွက် လှေကိုစောင့်နေရင်း မိုးရွာတဲ့အခါမှာ ထမင်းထုပ်တွေ၊ ပစ္စည်းတွေ ပျက်စီးတာရှိပါတယ်။ အခုအချိန်က စားသောက်ဖို့နဲ့ အဝတ်အထည်တွေလိုအပ်နေပေမယ့် ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်မှုတွေရှိနေပါသေးတယ်။ အခုလို သွားရောက်လှူဒါန်းတဲ့အခါ တစ်ခုတွေ့မြင်ခဲ့တာက အသင်းအဖွဲ့တွေအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ အသင်းအဖွဲ့တွေဆီ ပြည်သူတွေကစုပေါင်းပြီး တစ်ဆင့်လှူဒါန်းတာရှိပါတယ်။ ပြည်သူတွေဆီလှူဒါန်းတာဖြစ်တဲ့အတွက် လှူဒါန်းတဲ့ပစ္စည်း၊ ငွေကြေးကပြည်သူတွေဆီပဲ ပေးအပ်လှူဒါန်းကြရပါတယ်။ သွားရောက်လှူဒါန်းပေးတဲ့ အသင်းအဖွဲ့အစည်းတွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအတွက် အစားအစာနဲ့သွားလာစရိတ် အခက်အခဲဖြစ်နေတာတွေ့ရပါတယ်။ အဲဒါကြောင့် လှူဒါန်းတဲ့အခါ အသင်းအဖွဲ့အစည်းတွေအတွက် ခရီးသွားစရိတ်နဲ့ အစားအစာအတွက်ပါ လှူဒါန်းပေးကြဖို့ အကြံပြုလိုပါတယ်။

လှူဒါန်းမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အစာအဆိပ်သင့်မှုမဖြစ်စေရေး၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြစ်စေရေး၊ လိုအပ်သည့် ပြည်သူများထံသို့ လက်ဝယ်ရောက်ရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဆက်သစ်

ဓာတ်ပုံ - ဖိုးပြည့်စုံ