(၁၉-၉-၂ဝ၂၄)ရက်နေ့
၁။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဝါးတီးကျေးလက်ကျန်းမာရေးဌာနအပိုင် ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဆံကြော်၊ အချဉ်နှင့် ထမင်း၊ ကြက်ဥမန်ကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့် အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် ၆၈ ဦး၊ အတွင်းလူနာအဖြစ် ၆၅ ဦး လာရောက်ကုသမှုခံယူခဲ့ပြီး ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ အထူးကုဆရာဝန်ကြီးများက အနီးကပ်ကြည့်ရှုကုသမှုပေးခဲ့ရာ လူနာများအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။
၂။ သတင်းရရှိလျှင်ရရှိချင်း (၁၈-၉-၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အုတ်တွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သော ကွင်းဆင်းအဖွဲ့နှင့် ညောင်းလေးပင်မြို့နယ်မှ ဆရာဝန် ဦးဆောင်သော ဆေးအဖွဲ့တို့က ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
၃။ ဆေးရုံတက်လူနာများအနက် အတွင်းလူနာ ၄၁ ဦးသည် ရောဂါ သက်သာကောင်းမွန်သဖြင့် (၁၉-၉-၂၀၂၄) ရက်နေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုပြီးဖြစ်ပါသည်။
၄။ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားသည့် သန့်ရှင်းသောအစားအသောက်များကို မြို့နယ်အလိုက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့် ပေးပို့လှူဒါန်းကြရန်နှင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသောအစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။