Skip to main content

သဘာဝဘေးကို ညီညွတ်မှုဖြင့်ကျော်လွှား

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မမျှော်မှန်းနိုင်သော ရုတ်တရက်ဖြစ်ပေါ်လာသည့် ရေကြီးရေလျှံမှုသဘာဝဘေးအန္တရာယ်ကို နိုင်ငံတစ်ဝန်း၌ ကြုံတွေ့ခံစားခဲ့ကြရသည်။ ပတ်ဝန်းကျင်နိုင်ငံများ၌ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကို မြန်မာနိုင်ငံတွင်လည်း ဖြစ်ပေါ်လာမည်ဟု မထင်မှတ်ထားခြင်း၊ ညပိုင်းအချိန်တွင် ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ခြင်းမရှိခဲ့သဖြင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည်။

ယခုတစ်ဖန် သင်္ချာပုံစံပြုမော်ဒယ်လ်များ၏ ခန့်မှန်းချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ စက်တင်ဘာလ ၂၀ ရက် နေ့(ယနေ့)တွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်နိုင်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့(ယနေ့)ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော်ရောက်ရှိနိုင်ကြောင်း၊ အဆိုပါအပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းများသည် မြန်မာနိုင်ငံသို့ဖြတ်ကျော်ပြီးနောက် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အစပျိုးကာ အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းအန္တရာယ်ကို တိုက်ရိုက်မကြုံတွေ့ရသော်လည်း အနီးပတ်ဝန်းကျင်နိုင်ငံများမှ မုန်တိုင်းများ၏ ရိုက်ခတ်မှုအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များကို မကြာသေးမီကပင် ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ယခုတစ်ဖန် အရှေ့ဘက်ပတ်ဝန်းကျင်နိုင်ငံများမှ ဖြတ်သန်းလာမည့် အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်လာမည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ တစ်ဆက်တည်းတွင် မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည်ဟု အသိပေးထားရာ ဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုကို သင်ခန်းစာယူပြီး ကြုံတွေ့လာနိုင်သည်များကို ကြိုတင်ပြင်ဆင်ကျော်လွှားသွားနိုင်အောင် ပြုလုပ်ထားရမည်ဖြစ်သည်။

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းနှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင်နေထိုင်ကြသော ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးကာ ရေကြီးရေလျှံမှု ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း ပြည်သူများ သတိပြုနေထိုင်ကြရန်နှင့် ပြည်သူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မုန်တိုင်းအန္တရာယ်နှင့်ပတ်သက်၍ အဆက်မပြတ်အသိပေးနှိုးဆော်လျက်ရှိပြီး ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားရသူများနှင့် ပျက်စီးဆုံးရှုံးမှု ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်နေသည့်အချိန်တွင် ထပ်မံဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို ကျော်လွှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ပျဉ်းမနားမြို့နယ် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအား သွားရောက်အားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့စဉ် “မိမိအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရမှုအပေါ် များစွာစိတ်မကောင်းဖြစ်ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ရှောင်ရှား၍မရသော်လည်း ကြိုတင်ကာကွယ်မှုကိစ္စရပ်များကို လုပ်ဆောင်နိုင်သကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပါက ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် မူလအခြေအနေများသို့ ပြန်လည်ရောက်ရှိစေရန်နှင့် ပိုမိုကောင်းမွန်စေရန် မိမိတို့အားလုံး၏ လုံ့လ၊ ဝီရိယများဖြင့် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိတ်ဓာတ်ကျနေ၍မရဘဲ မူလအခြေအနေသို့ ပြန်လည်ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးခဲ့သည့်နေရာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ကဦးဆောင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဟူသည် ရှောင်ရှား၍မရနိုင်ဘဲ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးလျှော့ချနိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သဘာဝဘေးအန္တရာယ်များကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မလွဲမသွေရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်၍ နိုင်ငံတော်အစိုးရ၏ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်မှု၊ ဖြစ်ပေါ်လာသည့်အခါ အရေးပေါ်အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပြည်သူလူထု၏ စဉ်းစားဆင်ခြင်မှု၊ လုံ့လဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်မှုများဖြင့် ကျော်လွှားလွန်မြောက်နိုင်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများ ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်၍ နိုင်ငံတော်အစိုးရ၏ ကြိုတင်စီမံခန့်ခွဲဆောင်ရွက်မှုများနှင့် ပြည်သူများ၏ နိုးကြားတက်ကြွမှုများပေါင်းစပ်ကာ သဘာဝဘေးအန္တရာယ်မဖြစ်မီ၊ ဖြစ်ပေါ်နေစဉ်၊ ဖြစ်ပြီးကာလများတွင် ကြိုတင်ပြင်ဆင်ကူညီ ထောက်ပံ့မှုများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောက်ရွက်ကြခြင်းဖြင့် မူလအခြေအနေမပျက် ပုံမှန်ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။ ။