Skip to main content

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်းနှင့်တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၉

တိုင်ဖွန်းမုန်တိုင်း“ရာဂီ”၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့်ဆက်စပ်သည့် ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ အချို့ရထားလမ်းတာဘောင်နေရာများနှင့် တံတားများအား ရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ယာယီရပ်ဆိုင်းထားရသည့် ရထားခရီးစဉ်များကို အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၁၈.၉.၂၀၂၄ ရက်နေ့မှစ၍ တပ်ကုန်းနှင့် သာစည်အကြား ရေတိုက်စားခံခဲ့ရသည့် နေရာအချို့ကို ပြုပြင်ပြီးနောက် တစ်လမ်းမောင်းစနစ်ကို အသုံးပြုနိုင်ပြီဖြစ်သဖြင့် သာစည်ဘူတာတွင် ယာယီရပ်တန့်ထားရသော အစုန်ကုန်ရထားတွဲဆိုင်း (၄)ဆိုင်းနှင့် ညောင်ရမ်းဘူတာ၌ ရပ်တန့်ထားရသည့် အမှတ် ၂ အစုန် စာပို့ရထားတို့ကို ရန်ကုန်ဘက်သို့ ဆက်လက်စေလွှတ်ပေးနိုင်ပြီဖြစ်သည်။ ထို့အတူ ပျော်ဘွယ်ဘူတာ၊ ပျဉ်းမနားဘူတာနှင့် ရေနီဘူတာတို့၌ ရပ်တန့်ထားသော အဆန်ကုန်ရထား ၄ စင်းတို့ကို သာစည်ဘူတာသို့ ရွှေ့ပြောင်းပို့ဆောင်ထားပြီဖြစ်သည်။

မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာလ(၁၉) ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သပြေတောင်းဘူတာသို့ ရောက်ရှိပြီး သပြေတောင်းဘူတာနှင့် စမုံဘူတာအကြား ရထားလမ်းပိုင်းနှင့် တံတားများပျက်စီးမှု ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၍ သပြေတောင်းနှင့် စမုံဘူတာအကြား တံတားအမှတ်(၆၉၁)အား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဘေလီသံဘောင်များကို အမြန်ဆုံးပို့ဆောင်ရေး၊ တံတားနေရာသို့ ရောက်ရှိပြီးဖြစ်သည့် မြေထိုးစက်ယန္တရားများကို ပျက်စီးသွားသည့် ရထားလမ်းမြေသားတာဘောင် မြေဖို့ပြုပြင်တွင် ထိရောက်စွာအသုံးပြုရေး မှာကြားခြင်း၊ ကျောက်ရထားပေါ်မှ (၆”x၉”)လက်မကျောက်ကြီးများ ထည့်သွင်းဆောင်ရွက်နေမှုအခြေအနေ၊ တံတားအမှတ်(၆၉၅)၊ (၆၉၄)၊ (၆၉၃) တို့တွင် တံတားချဉ်းကပ်လမ်းများ ရေတိုက်စားသွားသဖြင့် သံလမ်းများခေတ္တဖြုတ်သိမ်းပြီး ရထားလမ်းတာဘောင်များပြန်လည် ဆောင်ရွက်မည့်အခြေအနေ၊ ရေတိုက်စားမျောပါသွားသည့် လမ်းခင်းကျောက်များ ပြန်လည်ဆယ်တင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်းတို့ကို ဆောင်ရွက်သည်။

ထို့အတူ ပျက်စီးနေသည့် ရထားလမ်းနှင့်တံတားပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းနေရာများ၌ Steel Girder ထည့်သွင်းခြင်း၊ သံလမ်းဖြုတ်သိမ်းခြင်း၊ သဲအိတ်စီထပ်ခြင်း၊ (၆”x၉”)လက်မ ကျောက်ကြီးများထည့်သွင်းခြင်း၊ တာဘောင်မြေဖို့ခြင်း၊ သံလမ်းပြန်လည်ခင်းခြင်း၊ သစ်သားဖားထပ်ခွေခြင်း၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စစ်ဆေးကာ တံတားအမှတ်(၆၉၁)နေရာ၌ ဆက်လက်ဆောင်ရွက်မည့် တံတားဘေလီသံဘောင်ထည့်သွင်းခြင်း လုပ်ငန်းအခြေအနေများအား အသေးစိတ်မှာကြား၍ စမုံနှင့်သပြေတောင်းအဆန်လမ်းပိုင်းအား စက်တင်ဘာလမကုန်မီ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

၎င်းနောက် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် သာစည်မှ ဘုရားငါးဆူအထိ သွားရောက်ခဲ့ပြီး ရေတိုက်စား၍ ပျက်စီးလျက်ရှိသော သာစည်နှင့်လှိုင်းတက်ကြား၊ လှိုင်းတက်နှင့်ဘုရားငါးဆူအကြားရှိ ရထားလမ်းတာဘောင်နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ရန်လုပ်ငန်းများအား အမြန်ဆုံးစတင်ပြုပြင်ဆောင်ရွက်နိုင်ရန် မှာကြားသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှ မန္တလေးအထိ လူစီးရထားများ၊ ကုန်ရထားများ ဆောလျင်စွာ ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။