Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေဝင်ရောက်သည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မွန်းတည့်ခွင်- ကျည်တောင် - ခေါမ - ညောင်ပင်သာ လမ်းပေါ်ရှိ တံတားအမှတ် ၂/၂၀ သံပေါင် ဘေလီတံတား တည်ဆောက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ဈေးကုန်းကျေးရွာ အလယ်တန်းကျောင်းခွဲ၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ထိန်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် နုန်းများဖယ်ရှားနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ပင်လောင်းလမ်းနှင့် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သော နုန်းမြေများဖယ်ရှားခြင်းနှင့် လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများနှင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် မွန်းလွဲပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ် အမှတ် (၂) ခရိုင် ချင်းဆက်လမ်းပေါ်ရှိ ညောင်ကိုင်းချောင်း ဘေလီတံတား ပေ ၃၀၀ ပျက်စီးခဲ့မှုအခြေအနေကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ၊ ကြွက်တောကျေးရွာ၊ နတ်စင်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျေးရွာအတွင်း ရေဝင်ရောက်ခဲ့မှုနှင့် လယ်ငယ်ချောင်း ရေမြင့်တက်ခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကျောင်းအတွင်း နုန်းမြေများ ဖယ်ရှားရှင်းလင်းခြင်းနှင့် မြေနိမ့်ပိုင်းနေရာများကို မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်