Skip to main content

မြန်မာနိုင်ငံစာရေးဆရာအဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

ရန်ကုန် စက်တင်ဘာ ၁၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုသံရုံး၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ စာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) ဦးဆောင်သော မြန်မာစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၅ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စတင်ထွက်ခွာခဲ့ရာ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ကြွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယန်းရှို့မြို့၊ နမ်နင်းမြို့၊ ဟူပေပြည်နယ် ယီချန်းမြို့၊ ပေကျင်းမြို့များသို့ ရောက်ရှိခဲ့ကြသည်။

မြန်မာစာရေးဆရာအဖွဲ့သည် ကွမ်တုံနိုင်ငံခြားဘာသာနှင့် ပြည်ပကုန်သွယ်ရေးတက္ကသိုလ်၊ နမ်နင်းမြို့ ကွမ်းရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်တို့တွင် ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ စာပေရေးရာများ အပြန်အလှန်ဆွေးနွေးခြင်း၊ စာပေဟောပြောပွဲများ ပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ စာရေးဆရာအသင်းနှင့် ပုံနှိပ်ထုတ်ဝေသူများအားတွေ့ဆုံပြီး နှစ်နိုင်ငံစာပေများ အပြန်အလှန်ဖလှယ်ရန်ဆွေးနွေးခြင်း၊ နမ်နင်းတက္ကသိုလ်ပြတိုက်၊ ပေကျင်းခေတ်ပေါ် အမျိုးသားပြတိုက်များသို့ သွားရောက်လေ့လာခြင်း၊ နှစ်နိုင်ငံ လူငယ်စာရေးဆရာများ ချစ်ကြည်ရင်းနှီးမှုမြင့်မားစေ‌ရေး အပြန်အလှန်စေလွှတ်ကြရန် ညှိနှိုင်းခြင်း၊ တရုတ်တိုင်းရင်းသားအချို့၏ ဓလေ့ထုံးစံများ၊ ရိုးရာကပွဲများ၊ မီးပုံပွဲများတွင် သွားရောက်ကြည့်ရှုလေ့လာကာ ပါဝင်ဆင်နွှဲခြင်း၊ ကမ္ဘာ့ထုထည် အကြီးဆုံးရေကာတာကြီးဖြစ်သည့် ယန်စီမြစ်ပေါ်ရှိ မြစ်ကျဉ်းသုံးသွယ် ရေကာတာကြီး၊ တရုတ်ရှေးဟောင်း နန်းတော်ကြီးနှင့် မဟာတံတိုင်းကြီးတို့ကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

ထို့နောက် မြန်မာစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့မှ ပြန်လည်ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၈ နာရီတွင် ပြန်လည်ရောက်ရှိ ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယဉ်ကျေးမှုသံရုံးမှ သံမှူးကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်