Skip to main content

ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် ပြည်တွင်းအားဖြင့် စုပေါင်းကာကွယ်

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်တို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာမည့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုနိုင်မှုအခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခဲ့သည်။

ထိုနေ့ညတွင်ပင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေများ၊ ချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းကာ ရေကြီး ရေလျှံမှုများဖြစ်ပွားပြီး ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များ၊ ကျေးရွာများ ရေဝင်နစ်မြုပ်ကာ နေအိမ်များနှင့် လမ်းတံတားများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။ အလားတူ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြသည့် အိမ်ထောင်စုပေါင်း ၄၂၈၅၈ ကျော်၊ လူဦးရေစုစုပေါင်း ၁၆၃၇၁၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်း ၄၃၈ ခုသို့ ရွှေ့ပြောင်းပေးခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းအထိ ရရှိသောစာရင်းအရ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက တောင်ငူဒေသ ဇရပ်ကြီးအနောက်ဘက်ကျေးရွာများမှ ပြည်သူများကို ရွှေ့ပြောင်းကယ်ထုတ်စဉ် တပ်မတော်သားတစ်ဦးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တစ်ဦး ရေစီးထဲ မျောပါပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးသူပြည်သူများနှင့် တပ်ဖွဲ့ဝင်များကို ကြိုးစားရှာဖွေလျက်ရှိသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများက ရေဘေးသင့်ရာဒေသများသို့ ကွင်းဆင်းသွားရောက်ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်လမ်းညွှန်ပေးကာ ဒေသခံပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။ ရေကြီးရေလျှံမှု၊ မြေပြိုမှုများ ဖြစ်ပွားနေစဉ် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက တက်ကြွစွာပူးပေါင်းကူညီဆောင်ရွက်ပေးကြသည်ကို အားတက်ဖွယ်တွေ့မြင်ရသည်။ အရေးကြုံလျှင် ပြည်သူများအပေါ်ထားရှိသည့် စည်းလုံးညီညွတ်မှုအင်အားကို တွေ့မြင်ရသည်။

ထိုသို့ ပြည်သူအများ ဒုက္ခအခက်အခဲရောက်နေသည့် အချိန်အခါတွင် ပြည်ဖျက်မီဒီယာများ၊ မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးပြုလုပ်လိုကြသည့် ပြည်တွင်း၊ ပြည်ပမှ အဖျက်အန္တရာယ်များက ပြည်သူများ အတိဒုက္ခရောက်နေမှုနှင့် ပြည်သူများ စည်းလုံးညီညွတ်စွာ ကူညီစောင့်ရှောက်ဖေးမမှုများကို လျစ်လျူရှုပြီး မဟုတ်မမှန်သတင်း ထုတ်လွှင့်မှုများ၊ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်အောင် ကောလာဟလသတင်းပြောဆိုမှုများ ပြုလုပ်ကြကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မှေးမှိန်အောင် နည်းမျိုးစုံဖြင့် ပြုလုပ်နေကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများ အဆင်ပြေချောမွေ့စွာ ရပ်တည်နေထိုင်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရေးတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ရေကြီးရေလျှံ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခံစားကြရသည့် ပြည်သူများအား ကယ်တင်စောင့်ရှောက်ကြရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သက်စွန့်ဆံဖျား ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအပါအဝင် စေတနာရှင်လုပ်အားပေးပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအားလုံးတို့ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ မွန်မြတ်သောစိတ်ထားဖြင့် ပြည်သူလူထုအကျိုးကို စွမ်းစွမ်းတမံညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ကြသဖြင့် ဂုဏ်ပြုထိုက်ပေသည်။ ရေဘေးသင့်ပြည်သူများအား ကူညီပံ့ပိုးပေးနိုင်ရန်အတွက် အလှူငွေများနှင့် လိုအပ်သည့် ပစ္စည်းပစ္စယများကို လှူဒါန်းကြသော စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများအားလုံးကိုလည်း နိုင်ငံတော်အစိုးရက ကျေးဇူးတင်အသိအမှတ်ပြုခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လတ်တလောတွင် ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်စဉ် နေထိုင်စားသောက်မှုများအတွက် သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးလျက်ရှိပြီး နောက်ဆက်တွဲအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်နှုန်းထားများနှင့် သေဆုံးဒဏ်ရာရသူများအတွက်လည်း ငွေကြေးထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အိမ်ဆုံးရှုံးသွားသူများကို စာရင်းကောက်ယူပြီး ပျက်စီးမှုရာခိုင်နှုန်းအလိုက် ထောက်ပံ့ပေးသွားမည်ဟု သိရသည်။ သို့ဖြစ်ရာ ပြည်သူများ အရေးကြုံလာချိန်တွင် နိုင်ငံတော်အစိုးရက အလျင်အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်သူများ အားလုံးကလည်း စုစည်းညီညွတ်မှုအားဖြင့် ပြည်သူအချင်းချင်း ဖေးမကူညီဆောင်ရွက်ပေးကြမည်ဟု ယုံကြည်ပါကြောင်း။     ။