Skip to main content

သင်ခန်းစာဖော်ထုတ်ရယူ ကြိုတင်ပြင်ဆင်

ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံများတွင် ဘောရစ်မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပြီး လူများသေဆုံးမှုနှင့် လူထောင်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသည်။ အိုးအိမ်၊ လမ်း၊ တံတားများ၊ ဓာတ်အားလိုင်းများ ပျက်စီးပြီး ဆည်တစ်ခုကျိုး၍ ဆည်အောက်မြို့ရွာများ ရေလွှမ်းသည်။ ဘောရစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားတို့ ကြုံတွေ့ခဲ့ရာ ‘‘ရာသီဥတုပြောင်းလဲမှုသည် ဥရောပတွင် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ကြောက်စရာကောင်းသော အကျိုးဆက်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း’’ ရိုးမေးနီးယားသမ္မတက ကောက်ချက်ချခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။

လတ်တလော ကမ္ဘာတစ်ဝန်းတွင် ဖြစ်‌ပေါ်နေသည့် မိုးလေဝသသတင်းများမှာ ပြင်းထန်ကြမ်းတမ်းလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွက် ခြောက်ကြိမ်မြောက်အဖြစ် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတစ်စင်း ဝင်ရောက်တိုက်ခတ်ရာ လူအသေအပျောက်၊ အပျက်အစီးများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါမုန်တိုင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးမြို့တော်ကြီးဖြစ်သော ရှန်ဟိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဖြစ်ရာ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းများတွင် တွေ့ရသည်။ မိမိတို့နိုင်ငံတွင်လည်း အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ ရိုက်ခတ်မှုအရှိန်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများစွာကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်နေကြရသည်။ လောလောဆယ် ကောက်ယူရရှိထားသည့် သေဆုံး၊ ပျောက်ဆုံး၊ ပျက်စီးစာရင်းများ၏ ပမာဏမှာပင် ကြီးမားလျက်ရှိပြီး ထပ်တိုးစာရင်းများလည်း ထွက်ပေါ်လာဖွယ်ရှိသည်။

ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးကျင်းပ၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ‘‘သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍မရသော်လည်း တတ်နိုင်သမျှ ထိခိုက်မှုလျော့နည်းအောင်နှင့် အမြန်ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ကြောင်း၊ ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၌ ကာလတစ်လျှောက် ထိခိုက်မှုအကြီးမားဆုံးဖြစ်နိုင်ကြောင်း၊ သင်ခန်းစာရယူရမည်များနှင့် ပြင်ဆင်ရမည်များ များစွာရှိကြောင်း၊’’ ထည့်သွင်းပြောကြားခဲ့သည်။ မကြုံစဖူး ထူးထူးကဲကဲ ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့သလို သင်ခန်းစာယူဖွယ်ရှိသည်တို့ကို ဖော်ထုတ်ရယူပြီး ပြင်ဆင်နိုင်မှသာ နောင်အလားတူဖြစ်ရပ်များကို ကာကွယ်နိုင်မည်ဖြစ်သည်။

ကမ္ဘာတစ်ခွင်ရာသီဥတုပြောင်းလဲမှုနှင့်အတူ အစွန်းရောက်မိုးလေဝသဖြစ်စဉ်များကို ပိုမိုကြုံတွေ့လာရမည်ဖြစ်ရာ ပထဝီအနေအထားအရ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် မိမိတို့နိုင်ငံအနေဖြင့် သတိတရားကို မြဲစွာကပ်ထားကြရတော့မည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ ဒေသများတွင် ယခင်က မဖြစ်ခဲ့ဖူးသော သဘာဝဘေးအန္တရာယ်မျိုး ယခုဖြစ်လာနိုင်သည်ဟု မျှော်တွေးကာ ရှင်သန်နိုင်ရေးအတွက် လူတိုင်းကြိုတင်ပြင်ဆင်ထားကြရန်လိုသည်။ ထို့အပြင် သစ်တောသစ်ပင်များ တည်ထောင်စိုက်ပျိုးထိန်းသိမ်းရေး၊ လေကာ ရေကာ သစ်ပင်ဝါးပင်များကို ရပ်ရွာများတွင် စနစ်တကျစိုက်ပျိုးရေး၊ အဆောက်အအုံ၊ လမ်းတံတားများ၊ ရပ်ရွာများတွင် ရေစီးဆင်းမှု ကောင်းမွန်စေရန် ထည့်သွင်းစဉ်းစားတည်ဆောက်ရေး စသည်တို့ကို လုံ့လ ဝီရိယ ဉာဏ်အမြော်အမြင်တို့ ပေါင်းစပ်ကာ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်အပေါင်းတို့မှ ကျော်လွှားလွတ်မြောက်နိုင်ရေးအတွက် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။