Skip to main content

ဒုတိယဝန်ကြီးဦးလူမွန် သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရာဂီတိုင်ဖွန်း မုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက်ရေကြီးခဲ့မှုများကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့သွားရောက်၍ ဆက်သွယ်ရေးစနစ်များ ပြန်လည်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရမည်းသင်းအော်တိုအိတ်ချိန်းသို့ရောက်ရှိပြီး အိတ်ချိန်းအဆောက်အအုံနှင့် စက်ခန်းများအတွင်း ရေဝင်ရောက်ခဲ့မှု၊ ပြန်လည်ပြင်ဆင် တပ်ဆင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးဖြစ်ပေါ်လာနိုင်သည့်အတွက် စက်ခန်းအတွင်း ရေဝင်ရောက်မှု မရှိရေးရေကာများ ဆောင်ရွက်ထားရှိရန်၊ စက်ခန်းအတွင်း စက်ပစ္စည်းများ တပ်ဆင်ထားရှိသည့် Cabinet နှင့် Frame များကို ရေကင်းလွတ်နိုင်သည့် အမြင့်သို့မြှင့်တင်ထားရှိရန်၊ ရေကျပြီးသည့်အချိန်တွင် ဆက်သွယ်မှုပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ညောင်ကျေးရွာအနီးမိုင်တိုင် ၄၆ တွင် ရေတိုက်စားသဖြင့် အဝေးဆက်သွယ်ရေး ဖိုင်ဘာတိုင်များ လဲကျနေမှုကိုလည်းကောင်း၊ လမ်းခရီး တစ်လျှောက် ရေတိုက်စားသဖြင့် ပြတ်တောက်နေသော ဖိုင်ဘာဆက်ကြောင်းများကိုလည်းကောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ပြန်လည်ပြင်ဆင်ထားသည့် မိုဘိုင်းစခန်း၊ အော်တိုအိတ်ချိန်းနှင့် စာတိုက်ရုံးများကိုလည်းကောင်း၊ အေးသာယာအော်တိုအိတ်ချိန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆက်သွယ်ရေးဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီ ဖိုင်ဘာလမ်းကြောင်း သွယ်တန်းဆောင်ရွက်ထားရန်နှင့် ရေဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများနှင့် အရေးကြီးစာရွက်စာတမ်းများ စနစ်တကျသိမ်းဆည်းရန် အစီအမံ များကို မှာကြားသည်။

စက်တင်ဘာ ၁၅ ရက် နံနက် ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Atom Myanmar Limited ၊ Ooredoo Myanmar Limited နှင့် Telecom International Myanmar Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေတို့ကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ တည်ဆောက်ပြီးစီးနေပြီဖြစ်သော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေးစခန်းကို လည်းကောင်း၊ ဟဲဟိုးစာတိုက်နှင့် အော်တိုအိတ်ချိန်းရုံးများကိုလည်းကောင်း၊ အောင်ပန်းစာတိုက်နှင့်အော်တို အိတ်ချိန်းများကိုလည်းကောင်း၊ ရေကြီးရေလျှံမှုကြောင့်ပျက်စီးခဲ့သည့် အဓိကဆက်သွယ်မှုနေရာများကိုလည်းကောင်း၊ ကလောစာတိုက်နှင့် ကလောအော်တို အိတ်ချိန်းရုံးများကိုလည်းကောင်း၊ ကလော-နေပြည်တော် လမ်းကြောင်းတစ်လျှောက် ဖိုင်ဘာလမ်းကြောင်း အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။      

သတင်းစဉ်