နေပြည်တော် စက်တင်ဘာ ၁၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပမည့် သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက် အထိကျင်းပမည့် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) သို့ တက်ရောက်မည်ဖြစ်ပြီး အဆိုပါဖိုရမ်နှင့်ကုန်စည်ပြပွဲသည် ရုရှားနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ ထုတ်ကုန်အသစ်များ၊ ဆက်စပ်ပစ္စည်းကိရိယာများနှင့် ဝန်ဆောင်မှုများကိုမြှင့်တင်ရန် အကောင်းဆုံးချိတ်ဆက်ပေးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဖန်တီးပေးသည့်လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်း၊ ပြုပြင် ထုတ်လုပ်မှုလုပ်ငန်း၊ ငါးဖမ်းရေယာဉ်များ တည်ဆောက်ခြင်းလုပ်ငန်းနှင့် ထုပ်ပိုးတင်ပို့မှုလုပ်ငန်းဆိုင်ရာ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်သည့်အတွက် နိုင်ငံခြားငွေပိုမိုရရှိရေးနှင့် နည်းပညာများတိုးတက်စေမည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်