နေပြည်တော် စက်တင်ဘာ ၁၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်သို့ သွားရောက်၍ ယာယီတည်းခိုနေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌမှ လှူဒါန်းသည့် ထမင်းဘူး (၁၄၀၀)၊ စားသောက်စရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ ဓမ္မာလင်္ကာရကျောင်းတိုက်၊ အေလာမြို့ သရက်တော ပရိယတ္တိစာသင်တိုက်၊ ဇေယျာသီရိမြို့နယ် လှေခွင်းတောင် ဓမ္မာရုံ၊ ပျဉ်းမနားမြို့နယ် အလံတောင်တောရကျောင်းသို့ ရောက်ရှိကာ ကျောင်းထိုင် ဆရာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုကာ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သန်းထွန်းဦးသည် အဝေရာဆည်အနီး ပေါင်းလောင်းမြစ်ပေါ်ရှိ ဇီးဖြူပင်တံတား ရေတိုက်စားမှု အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းနှင့် စစ်တောင်းမြစ်ရိုးတစ်လျှောက် ရေလွှမ်းမိုးမှုနှင့် ထိခိုက်ပျက်စီးမှု အခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ရေဘေးသင့်ပြည်သူများအတွက် အစားအသောက်များနှင့် သောက်သုံးရေများ ပြတ်လပ်မှု မရှိစေရန် စီမံဆောင်ရွက်ပေးရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းများ မှန်ကန်တိကျစွာရရှိရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)