Skip to main content

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျောက်ဆည်ခရိုင်အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာများ၊ ထောက်ပံ့ငွေများ ပေးအပ်

မန္တလေး စက်တင်ဘာ ၁၄

မုန်တိုင်းငယ်၏ အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်မှစတင်၍ နေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး ချောင်းရေနှင့် မြစ်ရေများ အဆက်မပြတ် မြင့်တက်လာမှုနှင့်အတူ ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများ ဝင်ရောက်ကာ ရေနစ်မြုပ်နေမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများ ပြန်လည်ကျဆင်းလာပြီဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့သည် ကျောက်ဆည်မြို့နယ် ကြက်မင်းတွန်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ လည်းကောင်း၊ ယင်းနောက် မြစ်သားမြို့ ဘူတာရပ်ကွက်ရှိ ရွှေဘုံသာဘုန်းကြီးကျောင်း၊ ရွာသစ်ကျေးရွာအုပ်စုရှိ မန်းမန္တလာဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ကူမဲမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ရွှေဘုံသာဘုန်းကြီးကျောင်းတို့၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းများသို့လည်းကောင်း သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားပြီး အစိုးရအဖွဲ့နှင့် အလှူရှင်များက စားရေရိက္ခာများ၊ သောက်ရေသန့်ဘူးများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းထောက်ပံ့ငွေကျပ် ၂၆၇၁၄၁၀၀ ကိုထောက်ပံ့ပေးအပ်ကာ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံကြည့်ရှုသည်။

ယင်းနောက် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံအတွင်း ရေဝင်ရောက်ခဲ့မှုများနှင့် ရေပြန်လည်ကျဆင်းမှုအခြေအနေများ၊ ရောဂါရှာဖွေရေးစက်ပစ္စည်းများ ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရှိမှုအခြေအနေများကို ကြည့်ရှုပြီး ဆေးရုံတွင် တက်ရောက်ဆေးဝါးကုသမှုခံယူနေသည့် လူနာများကို အားပေးစကားများ ပြောကြား၍ အာဟာရဖြည့်စွက်စာများ ပေးအပ်ကာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆေးရုံအတွက် သောက်သုံးရေအခက်အခဲမရှိစေရန် New Strarlight ဆောက်လုပ်ရေးကုမ္ပဏီက ကျပ်သိန်း ၂၀၀ ခန့် ကုန်ကျမည့် လေးလက်မခွဲ စက်ရေတွင်းနှင့် ကျင်းလုံမြန်မာစက်မှုလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက်က ကျပ်သိန်း ၂၀ ခန့်တန်ဖိုးရှိ ရေမြုပ်မော်တာတို့ကိုလည်းကောင်း လှူဒါန်းခဲ့သည်။

အဆိုပါခရီးစဉ်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ဆည်ခရိုင်အတွင်း လမ်းပိုင်းပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်