Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပျဉ်းမနားမြို့နယ်အတွင်း၌ သဘာဝရေဘေးသင့် ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းမှ ဆရာတော်၊ သံဃာတော်များ ခေတ္တသီတင်းသုံးလျက်ရှိသော ပျဉ်းမနားမြို့မာရ်အောင် ကျောင်းတိုက်၌ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်၊ သာသာနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့နယ်သံဃနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ အောင်တံခွန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍဝထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အောင်တံခွန်ကျောင်း၊ မအူပင်ကျောင်းနှင့် သနပ္ပင်ဆိပ်(ရှေ့)ကျောင်းတိုက်၊ သနပ္ပင်ဆိပ်(နောက်)ကျောင်း၊ နှမ်းတောကျောင်းနှင့် မဂ္ဂင်ရိပ်သာကျောင်း၊ ဆင်သေရွာဦးကျောင်း၊ ဆင်သေဈေးကုန်းကျောင်းနှင့် သကြားစက်ကျောင်း၊ ကျွန်းဦးကျောင်း၊ သဲကျွန်းအလယ်ကျောင်းနှင့် ပေါစံခေါကျောင်း၊ သစ်ဆိမ့်ပင်ကျောင်း၊ ဇီးဖြူပင်ကျောင်း၊ ကျီးဖြူရိုးကျောင်းနှင့် ဥယျာဉ်ကျောင်းတို့မှ ဆရာ တော်များအား နဝကမ္မအလှူငွေ၊ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အောင်တံခွန်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဍဝထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေဘေးသင့်ပြည်သူများအား ထိန်းသိမ်းစောင့်ရှောက်ထားသော နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဝင် အုန်းတောကျောင်းတိုက် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တတိဿဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေ၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီးကျောင်းတိုက်အတွင်းရှိ ရဟန်း၊ သာမဏေများအား ဆွမ်းအလှူရှင်များနှင့်အတူ နေ့ဆွမ်းလောင်းလှူကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်း ရေဘေးရှောင်နေသော ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆင်သေရွာ၊ ဈေးကုန်းရွာ၊ နှမ်းတောရွာ၊ သစ်ဆိမ့်ပင်ရွာ၊ သနပ္ပင်ဆိပ်ရွာ၊ အိုင်စောက်ရွာ၊ ကျောက်ချပ်ရွာ၊ စစ်အေးရွာ၊ ရွာသစ်ကြီးရွာများမှ ရေဘေးသင့်ဒေသခံပြည်သူ ၅၂၃ ဦးနှင့် တွေ့ဆုံအားပေးစကားပြောကြား၍ ဓမ္မလက်ဆောင်များနှင့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော်အဆူ ၂၇၀ ပေးအပ်လှူဒါန်းပြီး စားသောက်ဖွယ်ရာများ၊ အဝတ်အထည်များကို ကျေးရွာနေအိမ်ထောင်စုအလိုက်၊ တစ်ဦးချင်းအလိုက် ပေးအပ်လှူဒါန်းသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနား မြို့နယ်အတွင်းရှိ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းရှိ ဆရာတော်၊ သံဃာတော်ကြီးများအား ဝတ္ထုငွေကျပ် ၄၄ သိန်း၊ သင်္ကန်း၊ ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့သဖြင့် ယမန်နေ့က သွားရောက်လှူဒါန်းခဲ့သည့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးသင့် ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း ၃၃ ကျောင်းအပါအဝင် စုစုပေါင်း ၅၅ ကျောင်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်