Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ရေကြီးရေလျှံခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၁၄

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာစိုးဝင်း၊ ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တာဝန်ရှိသူများက ရှင်းလင်းတင်ပြ

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နယ်မြေအတွင်း ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့အနီးမှ ဝင်ရောက်ခဲ့သည့် ရာဂိမုန်တိုင်း၏ နောက်ဆက်တွဲကြွင်းကျန်မိုးတိမ်တိုက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတစ်ဝန်းနီးပါး မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သဖြင့် ချောင်းရေ၊ မြစ်ရေများ ရုတ်တရက်မြင့်တက်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း၊ မြေသားနူးပြီး မြေပြိုခြင်း၊ တောင်ကျချောင်းရေများရုတ်ခြည်း စီးဆင်းခြင်းများဖြစ်ခဲ့ရာ စက်တင်ဘာ ၉ ရက် ညပိုင်းမှ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းအတွင်း နေပြည်တော်ကောင်စီ၏ မြို့နယ်(၈)မြို့နယ်အနက် တပ်ကုန်းမြို့နယ်မှစ၍ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့အတွင်း စီးဆင်းလျက်ရှိသည့် ဆင်သေချောင်းမှ တစ်ဆင့်ချောင်းရေများ ရုတ်ခြည်းမြင့်တက်လျက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆင်သေချောင်းအတွင်းသို့ နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်း သုံးချောင်း၏ ချောင်းရေများသည် စက်တင်ဘာ ၉ ရက် တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မအထိ ရွာသွန်းခဲ့သဖြင့် တောင်ကျရေနှင့် မြေပြိုမှုများမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုက်စားမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ၎င်းမှကျန်မြို့နယ်(၄) မြို့နယ်သို့ တစ်ဆင့်ပြီး တစ်ဆင့်ရောက်ရှိပြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ ရက်တွင် တပ်ကုန်းမြို့မှ အရှေ့ဘက် ၁၄ မိုင်အကွာ တောင်ခြေအထိသည် ရေပြင်ဖုံးလွှမ်းလျက် ခရိုင်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများအထက် ၁၀ ပေမှ ၁၄ ပေခန့် မြင့်တက်လျက်ရှိ၍ ကယ်ဆယ်ရေးအဖွဲ့များက အသက်ကယ်စက်လှေများဖြင့် ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ရေးဆောင်ရွက်လျက်ရေလွတ်ရာသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း။

သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ခွဲများနှင့် လူမှုရေးအသင်းအဖွဲ့များမှလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း ကူညီကယ်ဆယ်ရေးအား အချိန်နှင့်တစ်ပြေးညီ ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရကြောင်း၊ စက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှစ၍ တပ်ကုန်းမြို့နယ်မှတစ်ဆင့် ဆင်သေချောင်းရေကျဆင်းခဲ့ရာ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းမှစ၍ ပျက်စီးခဲ့သည့် လမ်း/ တံတား/ အဆောက်အဦများ၊ အမှိုက်သရိုက်များ စတင်၍ ရှင်းလင်းနိုင်ပြီးဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားအရ ၄၂ ဦး သေဆုံးပြီး အိမ်ပေါင်း ၃၃ လုံး ရေမျောပါခြင်း၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး အပါအဝင်ပျက်စီးမှုများကို စတင်၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကြွင်းကျန်ရေဘေးသင့်သူများ ဆက်လက်ရှာဖွေကယ်ဆယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီးဖြစ်ကြောင်း၊ ရုတ်ခြည်းချောင်းရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ်သင့်သည့်လူဦးရေ ၂၅၀၀၀ ခန့်အား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများအပါအဝင် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁)နှင့် (၂)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကဏ္ဍအလိုက် လတ်တလောဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လုပ်ငန်းအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အောင်မြင်စွာကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ရမည်

ရှင်းလင်းတင်ပြမှုများအပေါ်အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်အပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်ကြီးရွယ်အို ရှေးမီနောက်မီအဘိုးအဘွားတို့မှ ၎င်းတို့၏ သက်တမ်းတစ်လျှောက် ယခုကဲ့သို့ ရုတ်ခြည်းရေကြီးရေလျှံမှု၊ ရေလွှမ်းမိုးမှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကို မကြုံခဲ့ဖူးဟု သိရပါကြောင်း၊ ယခုဖြစ်ပွားမှုသည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၏ လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်များဖြစ်ကြောင်း၊ သို့ရာတွင် မိမိတို့နိုင်ငံတွင် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်းမိုခါ၏ အတွေ့အကြုံ၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအတွေ့အကြုံတို့အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်ကို စီမံချက်နှင့်အညီဖွဲ့စည်းလျက် အောင်မြင်စွာ စီမံကျော်လွှားဆောင်ရွက်နိုင်ခဲ့မှုကြောင့် အဆိုပါအတွေ့အကြုံအရလည်း ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်ကိုလည်း ဆက်လက်၍ အောင်မြင်စွာကျော်လွှားနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခုဆိုင်ကလုန်းမုန်တိုင်းရာဂိ၏ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းသာမက ရှမ်းပြည်နယ်၊ မကွေးတိုင်း‌၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနှင့်ကျန်ပြည်နယ်အချို့နေရာတို့တွင်လည်း ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများရှိပြီး အဆိုပါဖြစ်ပေါ်မှုများကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများက စီမံချက်နှင့်အညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌လည်း ရေဘေးသင့်ပြည်သူများကို အချို့သောအလှူရှင်များက တစ်နိုင်တစ်ပိုင် မိမိအစီအစဉ်ဖြင့် လာရောက်လှူဒါန်းမှုပြုသည်ကိုလည်း တွေ့မြင်ကြားသိရ၍ ဝမ်းသာပါကြောင်း၊ အကြံပြုလိုသည်မှာမိမိတို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (Disaster Management Committee) ဖွဲ့စည်းထားရှိပြီး ၂၄ နာရီအရေးပေါ် ရုံးဖွင့်လှစ်ထားပြီးဖြစ်၍ မည်သည့်အလှူရှင်ကဖြစ်စေ မိမိတို့လှူဒါန်းလိုမှုအား ပိုမိုစနစ်တကျဖြစ်စေရေး၊ အညီအမျှအကူ အညီရရှိစေရေး စိတ်ဆန္ဒရှိသည့်နေရာ(သို့မဟုတ်) အများပြည်သူအတွက် စသည့်ခေါင်းစဉ်ဖြင့် DMC သို့ အကြောင်းကြားလာပါက အဆိုပါ ၂၄ နာရီ ဖွင့်လှစ်ထားသည့် DMC ကော်မတီမှ လိုအပ်သည့် ကယ်ဆယ်ရေးစခန်း(သို့မဟုတ်)စိတ်ဆန္ဒရှိသည့် ကယ်ဆယ်ရေးစခန်းများသို့ လမ်းညွှန်လျက် စနစ်တကျလှူဒါန်းနိုင်ရေး ဆောင်ရွက်ပါက ပိုမိုထိရောက်တွင်ကျယ်ပါကြောင်း၊ ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း၊ ကောလာဟလသတင်းနှင့် ပတ်သက်၍လည်း ယခုဖြစ်စဉ်မှာ တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဖြစ်ပေါ်ခဲ့မှုအပေါ် ဆည်တမံများ ကျိုးပေါက်ခြင်း၊ ဆည်တမံများမှ ရေအလုံးအရင်း ဖောက်ထုတ်ခြင်းကြောင့်ရေကြီး ရေလျှံမှုဖြစ်သည့်အပြင် ထပ်မံ၍လည်းဖြစ်ပေါ်လာနိုင်၍ မိမိတို့နေရာမှ အမြန်ရွှေ့ပြောင်းကြရေးတရား မဝင်ပြည်ဖျက်မီဒီယာများ၊ ဖုန်းသတိပေးချက်များ ဖြစ်ပေါ်မှုမှလည်း ဒေသခံပြည်သူများ စိတ်အနှောင့် အယှက်ဖြစ်စေခြင်း၊ စိုးရိမ်ပူပန်မှုမြင့်တက်ခြင်းများ ဖြစ်ပေါ်သည်ကို ကြားသိရပါကြောင်း၊ ဆည်တမံနှင့်ပတ်သက်၍ နေ့စဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ရေဝင်ရောက်မှု၊ စိုးရိမ်ရမှု၊ မစိုးရိမ်ရမှုများကို နေ့စဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြစေလျက်ရှိကြောင်း၊ နေပြည်တော်ကောင်စီအတွင်း ဆည်ပေါင်း ၁၂ ခုနှင့် ရေလှောင်တမံ ၁၂ ခုရှိရာ ဆည်၊ တမံများအခြေအနေမှာ စိုးရိမ်ရသည့် အနေအထားမရှိပါကြောင်း၊ နေ့စဉ်တာဝန်ရှိသူများက ဆည်တမံများ ကြံ့ခိုင်မှုများကို စစ်ဆေးလျက်နီးစပ်ရာကြီးကြပ်ရေးတာဝန်ခံများက ကယ်ဆယ်ရေးစခန်းအလိုက် အသိပေးကြရန်လိုကြောင်း၊ ထို့အပြင် ကယ်ဆယ်ရေးစခန်းအလိုက် အချို့စခန်းများ၌ အလှူရှင်များနှင့် နီးစပ်ရာကျေးရွာများမှ နေ့စဉ်ဆန်နှင့်ရိက္ခာအမယ်များ လှူဒါန်းကြသော်လည်း အချို့သောကယ်ဆယ်ရေးစခန်းများရှိသက်ဆိုင်ရာ တာဝန်ခံများက ထမင်းဘူးနှင့် သောက်ရေသန့်များ ဝေငှရသည့်အနေအထားဖြစ်ရာ နေ့စဉ်ပုံမှန်နံနက်၊ ည ကျန်းမာရေးနှင့်ညီညွတ်သည့် ထမင်းဟင်းပုံမှန်အတိုင်း စားသုံးနိုင်ရေးဘေးအန္တရာယ် စီမံခန့်ခွဲရေးရန်ပုံငွေနှင့် နေပြည်တော်ကောင်စီတို့ရှိ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ငပိ စသည့်အခြေခံ ၅ မျိုးအား ကယ်ဆယ်ရေးစခန်းအလိုက် အရေးပေါ်ထားရှိ၍ နီးစပ်ရာရပ်ရွာလူမှုရေးအသင်းအဖွဲ့များမှ ချက်ပြုတ်ကျွေးမွေးနိုင်ရေးကိုလည်း စီမံပေးရန်လိုကြောင်း။

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြား

အချို့ကျေးရွာများ၌ ယနေ့အချိန်အထိ တောင်ကျချောင်းရေများ ၁ ပေမှ ၂ ပေ အထိကျန်ရှိနေသေး၍ သန့်ရှင်းသော သောက်သုံးရေရရှိရေး သောက်ရေသန့်စက်ယာဉ်များ စေလွှတ်ကူညီပေးခြင်း၊ လွယ်ကူပေါ့ပါးသည့် Life Straw ကဲ့သို့ တစ်ပိုင်တစ်နိုင် သောက်ရေသန့်စက်များ အခက်အခဲရှိသည့်ကျေးရွာများအလိုက် ဖြန့်ဝေခြင်း၊ Bleaching Powder နှင့် ရေသန့်ဆေးပြားများ ပံ့ပိုးပေးခြင်းစီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ ကျန်းမာရေးအရရေဘေးအန္တရာယ် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောနှင့် ရေဝပ်နေရာများမှခြင်၊ ယင်ပေါက်ပွားခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲရောဂါများအပါအဝင် အထွေထွေကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကယ်ဆယ်ရေးစခန်းအလိုက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိသော ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများနှင့် ကျေးရွာများရှိ သူနာပြုဝန်ထမ်းများက မိမိတို့တာဝန်ကျရာ ကျေးရွာအလိုက် ကျန်းမာရေးနှင့်ပတ်သက်၍ အဆင့်ဆင့်နီးစပ်ရာ ကုသရေးဌာနများသို့ ဆက်သွယ်အကြောင်း ကြားရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်း လစ်လပ် နေရာများကိုလည်း နီးစပ်ရာကျေးရွာများမှ သွားရောက်စိစစ်ရန် လိုအပ်ကြောင်း၊ လိုအပ်ပါက ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ဖွဲ့စည်း၍ ကူညီဆောင်ရွက်ရန် ခက်ခဲနေသေးသည့် ကျေးရွာများသို့ စေလွှတ်ကုသရန်စီစဉ်ပေးရေးနှင့် ယခုဆွေးနွေးဆောင်ရွက်ချက်များအား ယခုရက်ပိုင်းအတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ DMC အဖွဲ့များထံသို့ ဆက်လက်အကြောင်းကြား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားပြီး ကျန်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရန်ကုန် - မန္တလေး ကားလမ်းဟောင်းပေါ်ရှိ အရှည် ပေ ၁၉၀၊ အကျယ် ၂၈ ပေရှိ နဝင်းချောင်းတံတားအား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု၍ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် လမ်းတံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါနဝင်းချောင်းတံတား ယာယီဘေလီတံတားကို တံတားခံနိုင်ဝန် တန် ၄၀၊ အရှည်ပေ ၁၀၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ သံဘေလီသုံးလွှာ ၁ ထပ် တံတားထိုးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၁ ရက်မှစ၍ အစားထိုးစတင်တည်ဆောက်လျက်ရှိရာ စက်တင်ဘာ ၁၆ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ကင်းသာလမ်းဆုံမှ ရန်ကုန် - မန္တလေး လမ်းဟောင်းအတိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း လူနေရပ်ကွက်များ၊ ကျေးရွာများအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ် နတ်သူရဲကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိနေသည့်ဆင်သေ၊ ပေါစံခေါ၊ ပိန္နဲပင်၊ ဇီးဖြူပင်၊ နှမ်းတောကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၆၀၀ ခန့်အား သွားရောက်တွေ့ဆုံ၍ နေထိုင်စားသောက်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီးရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်ကုန်းမြို့ရှိ ချမ်းမြေ့မြိုင်ရိပ်သာ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တသီဟဉာဏအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အဆိုပါကျောင်းတိုက်တွင် ရောက်ရှိနေသည့် ရှောက်ကုန်း၊ ကျားသေအိုင်၊ ပုဏ္ဏမာ၊ သာယာကုန်း၊ ဆင်သေနှင့် ပိန္နဲကုန်းကျေးရွာများရှိ ရေဘေးသင့်ပြည်သူ ၅၀၀ ခန့်အား တွေ့ဆုံ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအနေဖြင့်လည်း လိုအပ်သည်များ ထောက်ပံ့ ပေးသွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်

အလားတူခရီးစဉ်တွင် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများက နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရေများပြန်လည်ကျဆင်းသွားပြီ ဖြစ်သည့်အတွက် အဆိုပါကျေးရွာ/ရပ်ကွက်များတွင် ပြန်လည်နေထိုင်ကြမည့်သူများအတွက် လိုအပ်သည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ ဆည်တမံများနှင့်ပတ်သက်၍ ကောလာဟလထုတ်ပြန်မှုများနှင့် ပတ်သက်၍လည်း ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်တို့အတွက် ဆွေးနွေးပြောကြားကြပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် တပ်ကုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရောက်ရှိနေသည့် အောင်ဇေယျရပ်ကွက်၊ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ နားကုန်း၊ ဇီးကုန်းနှင့် ဗြိုက်အင်းကျေးရွာများမှ ရေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ထားရှိသည့်နေရာ သို့သွားရောက်၍ အုပ်ချုပ်မှုနှင့် ကျန်းမာရေးဆိုင်ရာများ ပြုလုပ်ပေးနေသည့်အဖွဲ့များအလိုက် တွေ့ဆုံအားပေးစကားပြောကြားပြီး အဆိုပါကျောင်း၌ ယာယီဆေးခန်းဖွင့်လှစ်ထားရှိမှု၊ စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ရေးပစ္စည်းများ အသင့်စုဆောင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တပ်ကုန်းမြို့ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀)သို့ သွားရောက်၍ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိသော လူနာများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်ကွန်ကရစ် လမ်းနှစ်ဖက် ပေ ၄၀၀၊ မြေသားကျိုးကျပျက်စီးခဲ့သည့် နဝင်းချောင်းတံတား(သာယာအေး)အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူပြန်လည်တည်ဆောက်နေသည့် တံတားအဝင်ချဉ်းကပ်လမ်းအရှည်ပေ ၂၂၀ နှင့် အထွက်ချဉ်းကပ်လမ်းအရှည်ပေ ၁၈၀ ရှိ တံတားချဉ်းကပ်လမ်းနှစ်ဖက်အား ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးအတွက် စနစ်တကျထည့်သွင်းတွက်ချက်၍ အမြန်ဆုံးပြန်လည်ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို မှာကြားသည်။ အဆိုပါယာယီဘေလီ တံတားတည်ဆောက်ရေးလုပ်ငန်းကို စက်တင်ဘာလနောက်ဆုံးအပတ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် ဆင်သေချောင်းတစ်လျှောက် ရေကြီးရေလျှံခြင်းများကြောင့် တံတားကမ်းကပ်ခုံများ ပျက်စီးခြင်း၊ ချဉ်းကပ်လမ်းရေတိုက်စား၍ လမ်းတာပေါင်ပျက်စီးခြင်း ဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အရှည်ပေ ၃၆၀၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်း တံတား (ဆင်သေချောင်းကူး) ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်း/တံတားများ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် တပ်ကုန်းမြို့နှင့် ပျဉ်းမနားမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် အခြားကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့်ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့မှုကြောင့် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်အတွင်းသို့ တောင်ကျချောင်းရေများ အဆက်မပြတ်စီးဆင်းကာ မြို့နယ်ရှစ်မြို့နယ်အနက် မြို့နယ်ငါးမြို့နယ်တို့တွင် ထိခိုက်ပျက်စီးသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

သွားရောက်ကူညီပေးလျက်ရှိ

ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်/ကျေးရွာအလိုက် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် အကူအညီလိုအပ်သည့်နေရာများသို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီပေး လျက်ရှိသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေမှ ကျဆင်းသွားသည့်ရေများသည် စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်စီးဆင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ဝင်ရောက်နေသည့်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများက စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည့် ကျေးရွာများရှိ ပြည်သူများအား ကြိုတင်အသိပညာပေးခြင်းနှင့် ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်တောင်းမြစ်၏ ရေအခြေအနေမှာလည်း စိုးရိမ်ဖွယ်ရာမရှိကြောင်းနှင့် အလားတူ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်မှ စစ်တောင်းမြစ်ဝတစ်ဝိုက်ရှိ ကျေးရွာများ ရေကြီးမှုကြောင့် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင် ထားရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်