ကမ္ဘာတစ်ဝန်းရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝဘေးအန္တရာယ်များသည်လည်း ယခင်ထက်အကြိမ်ရေပိုမို များပြားလာခြင်း၊ အဖျက်စွမ်းအား ပိုမိုပြင်းထန်လာခြင်းနှင့် မကြုံစဖူး ဖြစ်ပေါ်လာခြင်းတို့ ယခုရာစုနှစ်ဦးပိုင်းမှစ၍ သိသာထင်ရှားလာခဲ့ကြောင်း ပညာရှင်တို့က ပြောကြားထားသည်။ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ရာ သဘာဝဘေးအန္တရာယ် တစ်ခုဆိုးဆိုးရွားရွား ကျရောက်မှုကြုံရတိုင်း ဒေသနေပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးမှုတို့ ဖြစ်ပေါ်သလိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ်ကိုပါ အနှောင့်အယှက်ဖြစ်ပြီး လေးလံနှေးကွေးသွားစေသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် ဖြစ်ပေါ်ခဲ့သော ရုတ်တရက်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ခြင်းမရှိသော မုန်တိုင်းနှစ်စင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းရာမှ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အင်အားပြင်းထန်သည့် ရာဂီတိုင်ဖွန်းမုန်တိုင်းဆိုလျှင် မြန်မာ့ကမ်းရိုးတန်းနှင့် ဆက်စပ်ခြင်းမရှိသည့် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံဖြတ်ကျော်၍ မိမိတို့နိုင်ငံကို ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းတိုက်ခတ်ခြင်းသည် ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များအနက် ဒုတိယမြောက် လူအသေအပျောက်အများဆုံးဖြစ်ပြီး အာရှတွင် ပိုမိုဖြစ်ပွားသည်ဟု ဆိုသည်။ ရာဂီတိုင်ဖွန်းမုန်တိုင်းဖြစ်စဉ်သည် မိမိတို့နိုင်ငံအဖို့ သင်ခန်းစာတစ်ခုပင်ဖြစ်ပြီး ဤသို့သောဖြစ်စဉ်မျိုးဖြစ်လာနိုင်ကြောင်း သတိပြုရန်လိုအပ်လာပြီဖြစ်သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက အလှူရှင်များတစ်နိုင်တစ်ပိုင် မိမိအစီအစဉ်ဖြင့် လာရောက်လှူဒါန်းမှုပြုခြင်းနှင့်စပ်လျဉ်း၍ ဝမ်းသာပါကြောင်းပြောကြားခဲ့ပြီး ထိရောက်တွင်ကျယ်စွာ လှူဒါန်းနိုင်ရေးအတွက်လည်း အကြံပြုခဲ့သည်။ အဆိုပါအကြံပြုချက်အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ(Disaster Management Committee) ဖွဲ့စည်းထားရှိပြီး ၂၄ နာရီအရေး ပေါ်ရုံးဖွင့်လှစ်ထားပြီးဖြစ်၍ မည်သည့်အလှူရှင်ကဖြစ်စေ မိမိတို့လှူဒါန်းလိုမှုအား ပိုမိုစနစ်တကျဖြစ်စေရေး၊ အညီအမျှအကူအညီရရှိစေရေး စိတ်ဆန္ဒရှိသည့်နေရာ(သို့မဟုတ်)အများ ပြည်သူအတွက် စသည့်ခေါင်းစဉ်ဖြင့် DMC သို့ အကြောင်းကြားလာပါက အဆိုပါ ၂၄ နာရီဖွင့်လှစ်ထားသည့် DMC ကော်မတီမှ လိုအပ်သည့် ကယ်ဆယ်ရေးစခန်း(သို့မဟုတ်) စိတ်ဆန္ဒရှိသည့် ကယ်ဆယ်ရေးစခန်းများသို့ လမ်းညွှန်လျက်စနစ်တကျလှူဒါန်းနိုင်ရေးဆောင်ရွက်ပါက ပိုမိုထိရောက်တွင်ကျယ်ပါကြောင်းနှင့် ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် အန္တရာယ်ဖြစ်ပွားမှုလျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ခြင်း၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းဟူ၍ အဆင့်လေးဆင့်ရှိရာအဆင့်တိုင်းတွင် စုပေါင်းအင်အားနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ လိုအပ်သည်။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ပမာဏကြီးမားကျယ်ပြန့် လှသည့်အလျောက် ပြည်သူတိုင်းက တစ်ယောက်တစ်လက်တစ်တပ်တစ်အား ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။