နေပြည်တော် စက်တင်ဘာ ၁၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် အပါအဝင်မြို့နယ်(၁၂)မြို့နယ်တို့၌လည်းကောင်း စာသင်ကျောင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ခြင်ဆေးဖျန်းပေးခြင်း၊ အဘိတ်ဆေးများခတ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ စာသင်ကျောင်းများပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်အတူ စုပေါင်းဆောင်ရွက်ပေးကြသည်။
ထို့အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ နယ်မြေခံတပ်မတော်သားများနှင့် ဆေးရုံဝန်ထမ်းများက ဆေးရုံဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။