နေပြည်တော် စက်တင်ဘာ ၁၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာတံတားနှင့် ပင်လောင်းလမ်းတစ်လျှောက် မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်းမြေများ၊ သစ်တုံး/သစ်ကိုင်းများနှင့် အမှိုက်သရိုက်များအား ဌာနဆိုင်ရာမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများ၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ အင်ပင်ကျေးရွာအုပ်စု၊ ရေနီလေးကျေးရွာအနီးရှိ ကျေးရွာများမှ ရောက်ရှိလာသော ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး အာဟာရဖြစ်စာသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာ သီရိပျံချီဘုန်း တော်ကြီးကျောင်းသို့ ရောက်ရှိကာ ကျောင်းထိုင် ဆရာတော်အား နဝကမ္မအလှူငွေဆက်ကပ် လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ယာယီတည်းခိုနေထိုင်ကြသည့် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး အာဟာရဖြစ် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)