Skip to main content

ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မှတ်ပုံတင်နှင့် ခရီးသွားထောက်ခံစာမပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှဆွဲချကာ တပ်သားသစ်များအဖြစ် စုဆောင်းနေကြောင်း သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၃

ဧရာ၀တီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပန်းတိုင်စစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၀ ရက်တွင် ကျုံပျော်မြို့နယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာသည့် ခရီးသည်တင်ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေး၍ မှတ်ပုံတင်နှင့်ခရီးသွားထောက်ခံစာမပြနိုင်သော ခရီးသွားလူငယ်တချို့ကို ကားပေါ်မှဆွဲချဖမ်းဆီးပြီး စစ်မှုထမ်းရန် တပ်သားသစ်များအဖြစ် စုဆောင်းမှုများရှိနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ညောင်တုန်းမြို့နယ်အတွင်း အကြမ်းဖက်သမားများ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ တရားမဝင်လက်နက်ခဲယမ်းများ သယ်ဆောင်ကာ အကြမ်းဖက်လုပ်ရပ်များ မလုပ်ဆောင်နိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့မှန်ကန်မှုမရှိသည့် သတင်းဓာတ်ပုံများဖြင့် သတင်းအမှားများကို ဝါဒဖြန့်နေခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။