Skip to main content

ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်

ပခုက္ကူ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ဇော်မင်းထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ အဖွဲ့ဝင်(၂) ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ခုနစ်အိမ်တန်းရေဘေးရှောင်စခန်းရှိ ပြည်သူ ၃၁၁ ဦး၊ အမှတ်(၁၄)ရပ်ကွက် သီဟိုဠ်ရှင်ခန်းမနှင့် သဘာဝဘေးဒဏ်ခံ အဆောက်အဦ(Shelter)များရှိ ပြည်သူ ၅၇ ဦးတို့ထံ ရေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေကျပ် ၂၁၀၀ နှင့် ထမင်းထုပ်တစ်ထုပ်နှုန်းစီဖြင့် စုစုပေါင်းဆန်ရိက္ခာဖိုးငွေကျပ် ၇၇၂၇၀၀ နှင့် ထမင်းထုပ် ၃၆၈ ထုပ်တို့အား ထောက်ပံ့ပေးအပ်ပြီး ရေဘေးအန္တရာယ်ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားကာ လူနေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ရေဘေးရှောင်စခန်းသုံးခုဖွင့်လှစ်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)