ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာ သနိကအဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုရှိသည့်နေရာများအား ယနေ့နံနက် ၉ နာရီခွဲအချိန်ကသက်ဆိုင်ရာဌာနဆိုင်ရာများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်မောင်ခ၊ ခရိုင်/မြို့နယ် လမ်းဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် ဓမ္မရံစေတီ(ငှက်ပစ်တောင်အစု)ဘုရား၊ ပစ္စယံအောက်ပိုင်းပဲ့ကျခြင်း၊ ဘုရားအမှတ်(၁၈၂)အုတ်ခုံပဲ့ကျခြင်း၊ ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်းအုတ်တံတိုင်းပဲ့ကျခြင်း၊ ပုဂံမြို့နန်းမြို့ ရိုးရေထွက်ပေါက်နေရာများ၊ ဘုရားအမှတ် (၁၀၄၂)ဆင်ကဘုရားနံရံနှစ်ဘက် ပေါင်းကူးအမိုးပြိုကျနေမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်းစက်တင်ဘာ ၁၂ ရက်နေ့ တစ်ရက်တည်းတွင် မိုးရေချိန်လက်မ ၈.၅၁ လက်မ ရွာသွန်းခဲ့ကြောင်း ယခင်မိုးရေချိန်စံချိန်တင်ခဲ့သည့် စက်တင်ဘာ ၉ ရက်၊ ၁၉၈၉ ခုနှစ်တွင် ၅.၅၉ လက်မရွာသွန်းခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ဒီပါလင်း