Skip to main content

တရုတ်နိုင်ငံ နန်နင်းမြို့တွင် တရုတ်-မြန်မာ စာရေးဆရာများ စာပေဖန်တီးမှုနှင့် ထုတ်ဝေရေးဖလှယ်မှု၊ စာပေဆွေးနွေးမှုများပြုလုပ်

ကွမ်ရှီးကျွမ့် စက်တင်ဘာ ၁၂

တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင်ရောက်ရှိနေသော မြန်မာနိုင်ငံစာရေးဆရာအဖွဲ့သည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကွမ်ရှီးပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာလုပ်ငန်းစုနှင့် LiJiang Academy ၌တွေ့ဆုံ၍ စာပေဖန်တီးမှုလက်ရာများ အပြန်အလှန်ပူးပေါင်းဖလှယ်ရေးနှင့် နှစ်နိုင်ငံပြည်သူများ ပိုမိုချစ်ကြည်ရင်းနှီးရေးအတွက် ဦးတည်သည့်စာပေများပြုစုရေးဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ကွမ်ရှီးပုံနှိပ်ထုတ်ဝေရေးမီဒီယာလုပ်ငန်းစုခေါင်းဆောင် လိလိုင်ယို (Li Liang Yo)၊ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ကွမ်ရှီးစာရေး ဆရာအသင်းဥက္ကဋ္ဌ ထျန်သိုက်လင် (Tuan Dai Lin) တို့က စာပေရေးရာကိစ္စရပ်များကိုဦးဆောင်ဆွေးနွေးကာ မြန်မာနိုင်ငံစာရေးဆရာ ဦးစိုးမြင့် (ရဲမင်းစိုး)၊ ဒေါ်ခင်ဝင့်ရည် (ဝတ်ရည်ခင်၊ ပဲခူး)၊ သီဟရတနာဦးသိန်းစိုးနှင့် တော်ကောင်းမင်းတို့ကလည်းကောင်း၊ တရုတ်စာရေးဆရာများဖြစ်သော လိလိုင်ယို(Li Laiyou)၊ ထျန်သိုက်လင်(Tuan Dai Lin)၊ လီယွဲလေ့ (Li Yuere)၊ ကျန်ကျင်လု (Zhang Jinlu)၊ လျိုဒီချိုင် (Lu Dicai) တို့ကလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ကွမ်ရှီးတိုင်းရင်းသား လူမျိုးစုတက္ကသိုလ်သို့သွားရောက်ကာ တက္ကသိုလ် ဆရာ ဆရာမများ၊ မြန်မာစာအဓိက ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ မြန်မာစာပေနှင့် တရုတ်စာပေ အပြန်အလှန် ဘာသာပြန်ပူးပေါင်း ဖလှယ်ရေး ဆွေးနွေးပွဲကျင်းပရာ အဆိုပါတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ကောင်းရှင်းယွီ (Gao Xinyu)၊ အာဆီယံကောလိပ် အမြဲတမ်းဒုကျောင်းအုပ်ကြီး လက်ထောက်ပါမောက္ခ ယဲ့ရှင်းယိ (Ye Xinyi)၊ တရုတ်စာပေကောလိပ်ဒုကျောင်းအုပ်ကြီး လက်ထောက်ပါမောက္ခ ဟယ်ဆန်းယန့် (He Shanyan)၊ အရှေ့တောင်အာရှ ဘာသာစကားနှင့်ယဉ်ကျေးမှု ကောလိပ်လက်ထောက်ပါမောက္ခ ဟွမ်ဝေစိန်း (Huang Weishan) တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က နှစ်လွှာတစ်ခက် စွယ်တော်ရွက်ပမာ နှစ်ပေါင်းရှည်ကြာခိုင်မြဲခဲ့သော မြန်မာ-တရုတ်ချစ်ကြည်ရေး၊ စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ခြင်းမှသည် နှစ်နိုင်ငံပြည်သူများအကြား ပိုမိုရင်းနှီး ချစ်ကြည်လာစေရေးတို့ကို ကိုယ်တိုင်ပြန်ဆိုခဲ့သော ရှေးဟောင်းတရုတ်ကဗျာများကိုကိုးကား၍ ပြောဆိုဆွေးနွေးခဲ့သည်။​ တွေ့ဆုံပွဲအပြီးတွင် တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က မြန်မာနိုင်ငံစာရေးဆရာ ကိုယ်စားလှယ် အဖွဲ့အား ညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

သတင်းစဉ်