တပ်ကုန်း စက်တင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ ငွေတောင်တောရကျောင်းတိုက်၊ ကယ်ဆယ်ရေးစခန်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစခန်းတွင် ကျင်းပခဲ့သည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ သမဝါယမဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ညွှန်ကြားရေးမှူး ဒေါ်သီသီမြတ်နှင့် တိုင်း၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ထောက်ပံ့ရေးပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ရေဘေးသင့်ပြည်သူများအတွက် ငွေတောင်တောရကျောင်းတိုက်အတွင်း တပ်ဆင်အသုံးပြုလျက်ရှိသည့် ရွေ့လျားရေသန့်စက် လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မကျီးပင်ကျေးရွာအုပ်စု၊ သီးနှံစိုက်ခင်းများအတွင်း ရေလွှမ်းမှု၊ နဝင်းချောင်းဖြတ်ကူး ကျေးရွာချင်းဆက်တံတားနှင့် လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး စားသောက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရှားတောကျေးရွာနှင့် ညောင်ပင်သာကျေးရွာဆက်သွယ်ထားသော ရေကျော်ကွန်ကရစ်တံတား၏ ညောင်ပင်သာကျေးရွာဘက်ခြမ်း အလျား ပေ ၅၀ ခန့် ပျက်စီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်