Skip to main content

ယူအေအီးနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်

ရန်ကုန် စက်တင်ဘာ ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ်အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသွယ်သွယ်ဝင်းအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်နှင့် နိုင်ငံသားအကျိုးစီးပွားမြှင့်တင်ရေး ဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာများနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့်လက်မှတ် (Exit Permit) ရရှိခဲ့ပြီး စက်တင်ဘာ ၁၁ ရက်၌ ဒူဘိုင်း-ရန်ကုန် ခရီးဖြင့်ထွက်ခွာခဲ့ရာ ည ၁၀ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့ နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာအထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ်)

ဓာတ်ပုံ-ကနူး