Skip to main content

တောင်ငူမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်

တောင်ငူ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြေနိမ့်ပိုင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စစ်တောင်းမြစ်ရေစိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိပြီး မြစ်ရေများဝင်ရောက်လျက်ရှိခြင်းကြောင့် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အဆိုပါကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွှေဂူကြီးဘုန်းတော်ကြီးကျောင်း၊ လောကုတ္တရာဘုန်းတော်ကြီးကျောင်း၊ အ.ထ.က(၅)နှင့် အ.ထက(၆)ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား အားပေးစကားများပြောကြားပြီး ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ဆန်ရိက္ခာအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

တောင်ငူမြို့၊ အမှတ်(၈)၊ (၉)၊ (၁၀)ရပ်ကွက်များနှင့် မြစ်ကမ်းအနီးကျေးရွာများရှိမြေနိမ့်ပိုင်းများတွင် စစ်တောင်းမြစ်ရေဝင်ရောက်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့်တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေးအသင်းဖွဲ့များပူးပေါင်း၍ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေပြီး တိုင်ဖွန်းမုန်တိုင်းယာဂီ၏အကြွင်းအကျန်တိမ်တိုက်များသည် ဆက်လက်တည်ရှိနေကာ မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀)အထက်ရောက်ရှိနေပြီး ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်တွင် စိုးရိမ်ရေအမှတ် (၆၆၃)စင်တီမီတာရှိကြောင်း၊ ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို (တောင်ငူ)