Skip to main content

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိကအဆောက်အအုံများနှင့် လမ်းများ၊ ရေကျော်များ ပျက်စီးမှုရှိ/မရှိနှင့် ရှေးဟောင်းရေကန်များ ရေဝင်ရောက်မှု ကြည့်ရှုစစ်ဆေး

ညောင်ဦး  စက်တင်ဘာ  ၁၃

ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့်လမ်းများ၊ ရေကျော်များ ပျက်စီးမှုရှိမရှိနှင့် ရှေးဟောင်းရေကန်များ ရေဝင်ရောက်မှုအခြေအနေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းနှင့်ဝန်ထမ်းများ၊ ခရိုင်ဌာနဆိုင်ရာဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ညောင်ဦး-ပုဂံ-စဉ့်ကူ-ချောက်(လမ်းဟောင်း)ပေါ်ရှိ ရေကျော်များ၊ လမ်းများပေါ် ရေကျော်နေမှုနှင့် ရေတိုက်စားမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး၊ သရပါတံခါးအနီး ရှေးဟောင်း ပုဂံကျုံးအတွင်းရေဝင်ရောက်နေမှုနှင့်ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ပြီးနောက် အာနန္ဒာဘုရားကြီးရင်ပြင်တော်ပေါ်နှင့် စူဠာမဏိဘုရားဝင်းအတွင်း မိုးရေတင်ရှိနေမှုနှင့် ရေစုပ်စက်များဖြင့် ရေစုပ်ထုတ်နေမှု၊ ရေလွှဲပေါက်များမှရေစီးဆင်းနေမှုတို့အား ကြည့်ရှု စစ်ဆေးကာ၊ ရှေးဟောင်းရေကန်များအတွင်း ရေဝင်ရောက်မှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်တို့အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေလမ်းကြောင်းများပြန် လည်ဖော်ထုတ်ခြင်း၊ ရှေးဟောင်းကန်များပြန်လည်ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် ရေစီးရေလာကောင်းမွန်ပြီး ဘုရားပုရဝုဏ်များ၊ သာသနိကအဆောက်အအုံများအတွင်း ယခင်ကကဲ့သို့ ရေများတင်ကျန်နေမှုနည်းပါးလာကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင်လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဒဿမ ၂၀ လက်မရွာသွန်းခဲ့ကြောင်းလည်း ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ဒီပါလင်း