ဦးကောင်းမြတ်သိန်း (ညွှန်ကြားရေးမှူး)
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန
လတ်တလောဖြစ်ပေါ်နေသည့် လေပွေလှိုင်းများ ဖြတ်သန်းရာဒေသများနှင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုများပြားခြင်း၊ ဆည်တာတမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်ခြင်းအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများက အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍ အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ လက်ရှိမှာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် နိုင်ငံအတွင်းက အချို့ မြို့၊ ရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ရေကြီးရေလျှံမှုတွေနဲ့ဆက်စပ်ပြီး ဆည်တာတမံတွေရဲ့ အခြေအနေကိုပါ ပြည်သူတွေက စိုးရိမ်နေကြတာရှိပါတယ်။ ဒါကြောင့် လက်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ရာဒေသတွေက ဆည်တာတမံတွေရဲ့ အခြေအနေတွေကို ပြည်သူတွေသိရှိအောင် ပြောပြပေးပါ။
ဖြေ။ ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီးနဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီလစက်တင်ဘာ ၇ ရက်မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ လေပွေလှိုင်းတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ မိုးရေချိန်လက်မများစွာ ရွာသွန်းခဲ့လို့ဖြစ်ပါတယ်။
နေပြည်တော်နယ်မြေမှာရှိတဲ့ အဓိကရေလှောင် တမံအကြီးတွေထဲက ပေါင်းလောင်း၊ ငလိုက်စတဲ့ တမံနှစ်ခုပဲ ရေကျော်တာရှိပါတယ်။ ကျန်တဲ့တမံတွေအနေနဲ့ ကန်ရေပြည့်အမှတ်ကိုတောင် မရောက်သေးတာတွေ့ရပါတယ်။ နေပြည်တော်ဧရိယာအတွင်းက ချောင်းတွေကို ရှမ်းကုန်းပြင်မြင့်က စပြီးစီးဆင်းတဲ့ချောင်းတွေနဲ့ အလယ်ရိုးမကိုအခြေခံတဲ့ ချောင်းတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။ အခုလက်ရှိ မိုးရွာသွန်းခဲ့တာက ရှမ်းကုန်းပြင်မြင့်ကိုအခြေခံပြီး စံချိန်တင်မိုးရေချိန်တွေ ရွာသွန်းခဲ့တာကြောင့် အဲဒီကစီးဆင်းလာတဲ့ရေတွေဟာ နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာ ချောင်းကစုစည်းပြီး ဆင်သေချောင်းကတစ်ဆင့် နောက်ဆုံးပေါင်းလောင်းချောင်းထဲကို အရှိန်အဟုန်နဲ့စီးဆင်းလာခဲ့လို့ ချောင်းရေတွေရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံတာတွေဖြစ်တာ ဖြစ်ပါတယ်။ အဓိကကတော့ နဝင်းချောင်းနဲ့ဆင်သေချောင်းက စီးလာတဲ့ရေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်သေချောင်းရေကြီးလို့ တပ်ကုန်းနဲ့ နေပြည်တော်ထဲက အချို့ရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဆင်သေချောင်းပေါ်မှာတည်ဆောက်ထားတဲ့ ဆင်သေဆည်ကတော့ ရေပြည့်ဖို့ ၁၂ ပေ တောင်လိုနေပါသေးတယ်။ အလားတူ ရေဆင်း၊ ချောင်းမငယ်၊ မဒန်း စတဲ့ တမံတွေဟာလည်း ရေပြည့်ဖို့လိုနေပါသေးတယ်။
ပေါင်းလောင်းရေလှောင်တမံအနေနဲ့ လက်ရှိမှာ ရေပိုလွှဲက ၁၁ ဒသမ ၅ ပေလောက် ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲကို ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဆင်သေချောင်းရေဟာလည်း ပေါင်းလောင်းချောင်းထဲကို စီးဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေတွေပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်းရေလွှဲဆည်မှာ ၁၁ ပေ လောက် ရေကျော်စီးဆင်းနေတာဖြစ်ပါတယ်။ အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်ငူမြို့ကို မကြာခင်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တောင်းမြစ်ရေဟာ မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကြိုတင်အသိပေးကြေညာထားပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်။
အလားတူပါပဲ နေပြည်တော်နဲ့ကပ်လျက်ရှိတဲ့ မန္တလေးတိုင်းဒေသကြီးထဲက ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသတွေမှာလည်း အရှေ့ဘက်မှာရှိတဲ့ ရှမ်းကုန်းပြင်မြင့်ဧရိယာမှာ စံချိန်တင်မိုးရေချိန်တွေရွာခဲ့လို့ ရေတွေအလုံးအရင်းနဲ့စီးဆင်းလာပြီး ဒေသမှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်တွေထဲကိုစီးဝင်ပြီး တာပေါင်ပေါ်ရေကျော်တာတွေ၊ ရေတိုက်စားတာတွေဖြစ်ခဲ့ပါတယ်။ အဲဒီရေတွေဟာ နေပြည်တော်ထဲကိုစီးတဲ့ နဝင်းချောင်းထဲကို ရောက်တာရှိသလို မိတ္ထီလာလွင်ပြင်ထဲက စမုံမြစ်ထဲကို စီးဆင်းသွားတာရှိပါတယ်။ ဒီဒေသတွေမှာ တစ်နှစ် ပျမ်းမျှရွာတဲ့ မိုးရေချိန်က လက်မ ၃၀ ပတ်ဝန်းကျင်ပဲရှိပါတယ်။ အခုလိုမျိုး တစ်ရက်ထဲမှာ ၁၀ လက်မကျော် တစ်ပေနီးပါးလောက် ရွာတဲ့အခါမှာ ပုံမှန်စီးဆင်းနေတဲ့ ချောင်းတွေဟာ ရုတ်တရက်ဝင်လာတဲ့ ရေတွေကိုကောင်းကောင်းမသယ်နိုင်တော့ဘဲ ရေကြီးရေလျှံတာတွေ၊ အနိမ့်ပိုင်းနေရာတွေကို ဝင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အဲဒီဒေသတွေမှာ မကြုံစဖူးရုတ်တရက်ရေကြီးတာတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုပဲ ရှမ်းကုန်းပြင်မြင့်က စီးဆင်းလာတဲ့ဇော်ဂျီမြစ်ရေဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့အတွက် ကျောက်ဆည်မြို့အပါအဝင် မြစ်ဘေးဝန်းကျင်မှာရှိတဲ့ ဒေသတွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါတယ်။
မေး။ ။ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနအနေနဲ့ လက်ရှိဆည်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာတွေကိုလည်း သိပါရစေ။
ဖြေ။ ။ ကျွန်တော်တို့ ဌာနအနေနဲ့ မိုးလေဝသသတင်းတွေအရ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများမယ်၊ ရေဝင်ရောက်မှုများမယ်လို့ ခန့်မှန်းရရှိတဲ့အတွက် ဌာနဝန်ထမ်းတွေကို ကြိုတင် အသိပေးတာတွေ၊ စဉ်ဆက်မပြတ် စောင့်ကြည့်သတင်းပေးပို့ဖို့၊ ဆက်စပ်ဌာနတွေနဲ့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ဖို့ ညွှန်ကြားတာတွေ ဆောင်ရွက်သလို ရေဝင်ရောက်မှုတွေကို စောင့်ကြည့်စီမံတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ရေလှောင်တမံတွေမှာလည်း ဝန်ထမ်းတွေကို နေ့ညတာဝန်ချထားတာတွေ ဆောင်ရွက်သလို အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုစီမံချက်ပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်တာတွေ လုပ်ခဲ့ပါတယ်။
ကျောက်ဆည်၊ မြစ်သား စတဲ့ဒေသတွေမှာလည်း ဇော်ဂျီမြစ်ရေမြင့်တက်လာနိုင်တဲ့ အခြေအနေတွေ ရှိလို့ သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတွေနဲ့ပူးပေါင်းပြီး ဒေသခံတွေ ကို ကြိုတင်အသိပေးကြေညာတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
မေး။ ။ လက်ရှိမှာ ဆည်တာတမံတွေမှာ ရေသိုလှောင်မှတ်ကျော်လွန်ပြီး သတိပြုရမယ့် အခြေအနေရှိရင်လည်း သိပါရစေ။ ပြီးတော့ တချို့ဆည်တာတမံတွေမှာ ရေပိုလွှဲကရေကျတာကို ဆည်ကျိုးတာနဲ့မှားယွင်းပြီး စိုးရိမ်နေတာလည်းရှိပါတယ်။ ဒီအပေါ်မှာလည်း ပြည်သူတွေ သိရှိအောင် ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိမှာ ရေပိုလွှဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခုရှိပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ်ဆိုတာရှိပါတယ်။ အဲဒီကန်ရေပြည့် အမှတ်ကိုကျော်ပြီး ရေစီးဝင်လာတဲ့အခါ ရေပိုလွှဲကနေစီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွား တာဖြစ်ပါတယ်။ အဲဒီလိုရေပိုလွှဲက ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခုရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
အဲဒီလို ရေကျော်စီးဆင်းတဲ့အခါ ကျွန်တော်တို့ရဲ့အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုစီမံချက်အရ ရေပိုလွှဲကရေကျော်တာနဲ့ အရေးပေါ်အခြေအနေ အဆင့် (၁) အဖြစ်သတ်မှတ်ပြီး အစိမ်းရောင်အလံကို ရေလှောင်တမံနဲ့ တမံအောက်က ဆက်စပ်တည်ရှိတဲ့ ကျေးရွာတွေမှာ စိုက်ထူပြီး ဒေသခံပြည်သူများ သိရှိနိုင်အောင်အသိပေးပါတယ်။ ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့ စိုးရိမ်ဖို့မရှိပါဘူး။ ရေပိုလွှဲက ရေကျော်ပြီဆိုတာကို သိရှိနိုင်အောင် ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေကနေ ရေမှတ်ထပ်တက်လာပြီး ရေလှောင်တမံရဲ့ ရေကြီးမှတ်ကို ရောက်တဲ့အခါ အရေးပေါ်အခြေအနေ အဆင့် (၂) အဖြစ်သတ်မှတ်ပြီး အဝါရောင်အလံကို လွှင့်ထူပါတယ်။ ရေကြီးမှတ်ဆိုတာက ရေပိုလွှဲကိုတည်ဆောက်စဉ်က အများဆုံးလာနိုင်မယ်လို့ တွက်ချက်ထားတဲ့ ဒီဇိုင်းအရရောက်နိုင်တဲ့ ရေအမှတ်ကိုဆိုလိုတာပါ။ ဒီအခြေအနေမှာတော့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့စောင့်ကြည့်ဖို့လိုတဲ့ အခြေအနေဖြစ်ပါတယ်။
အဲဒီကနေတစ်ဆင့်တက်ပြီး တမံထိပ်ပြင်ကို ရေကျော်နိုင်တဲ့အခြေအနေ ဖြစ်လာတဲ့အခါ တမံကျိုးပေါက်နိုင်တဲ့ အခြေအနေရှိလို့ အရေးပေါ်ရွှေ့ပြောင်းတာတွေ လုပ်ဆောင်နိုင်အောင် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့် (၃) အဖြစ် စိုက်ထူအသိပေးပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တွေကနေတစ်ဆင့် အသိပေးပါတယ်။
ဒါကြောင့် ရေကျော်စီးဆင်းနေတဲ့တမံတွေမှာ အရေးပေါ်အခြေအနေအဆင့် (၁) အနေနဲ့ အစိမ်းရောင် အလံများလွှင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံစိုက်ထူထားတဲ့ တမံမရှိ သေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်။
မေး။ ။ ပြည်သူတွေသိရှိအောင် ဖြည့်စွက်ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါ။
ဖြေ။ ။ လက်ရှိအခြေအနေမှာ ဇော်ဂျီမြစ်ရဲ့အဖျားပိုင်းမှာ မိုးနည်းလာပြီး မြို့ကြီး ရေလွှဲဆည်မှာလည်း ရေလျော့ကျလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် စမုံမြစ်နဲ့ ပန်းလောင် မြစ်ရေတွေက ဇော်ဂျီမြစ်ထဲကိုစီးဆင်းနေပြီး ကျောက်ဆည်မြို့အောက်ပိုင်းမှာ ရေတောင့်နေတဲ့အတွက် မြို့ပတ်ဝန်းကျင်မှာတော့ ရေမလျော့သေးပါဘူး။ မြစ်အထက်ပိုင်းမှာရှိတဲ့ ရေလှောင်တမံတွေကလည်း ရေကျော်စီးဆင်းမှု လျော့ကျလာတဲ့အတွက် တစ်စုံတစ်ရာ စိုးရိမ်ဖို့မရှိကြောင်း ပြောလိုပါတယ်။
ပေါင်းလောင်းမြစ်အနေနဲ့ကတော့ ဆင်သေချောင်းရေနဲ့ ပေါင်းလောင်းချောင်းရေတွေပေါင်းပြီး စီးဆင်းနေလို့ ပေါင်းလောင်းရေလွှဲဆည်မှာ စံချိန်တင်ရေအမှတ်ကိုရောက်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်ကျနေပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ အောက်ဘက်ကိုဆက်စီးသွားပြီး တောင်ငူမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ တောင်ငူမြို့မှာလည်း စစ်တောင်းမြစ်ရေဟာ မြင့်တက်နေတဲ့အတွက် လတ်တလောအနေနဲ့ ရေလျော့ကျဖို့မရှိသေးကြောင်းနဲ့ ဒေသခံများအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်။ ။