တပ်ကုန်း စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် နဝင်းချောင်းရေမြင့်တက်၍ ပျက်စီးသွားခဲ့သော လမ်း၊ တံတားများကို ယနေ့နံနက် ၇ နာရီခွဲက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုရာတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အနော်ရထာရပ်ကွက်အတွင်း ပျက်စီးမှုများ၊ အနော်ရထာရပ်ကွက်နှင့် အောင်ဇေယျာရပ်ကွက် ဆက်သွယ်သည့် နဝင်းချောင်းဖြတ်ကူးတံတား ခိုင်ခံ့မှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ရှားတောရွာကျေးရွာနှင့် ညောင်ပင်သာကျေးရွာ ဆက်သွယ်သည့် ရေကျော်တံတားပျက်စီးမှုအား ကြည့်ရှုစစ်ဆေး၍လည်းကောင်း၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြား၊ နဝင်းချောင်းဖြတ်၍ တည်ဆောက်ထားသော အဆုံ- ဇီးကုန်းတံတား ၂ လမ်းသွား၊ ပေ ၁၀၀ သံဘောင်ဘေလီတံတား၊ ချဉ်းကပ်လမ်းပျက်စီးမှုအား တံတားအထူးဖွဲ့ ၆ မှ ပြန်လည်တည်ဆောက်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀၊ ရွေးစုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများမှ လှူဒါန်းသည့် အလှူငွေ ရှစ်သိန်းနှင့် အဝတ်အစားထုပ်များ လက်ခံယူခဲ့ကြောင်း သိရသည်။
တင်စိုးလွင်