Skip to main content

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်း သာစည်မြို့နယ်အတွင်းနေရာအချို့၌ ရေကျော်မှုဖြစ်ပွားနေ၍ အန္တရာယ်ကင်းစေရေးအတွက် ယာဉ်အသွားအလာများရပ်တန့်ထား

သာစည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ စက်တင်ဘာ ၁၀ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မိတ္ထီလာ-တောင်ကြီးသွားကားလမ်းနေရာအချို့၌ ရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားနေ၍ ယာဉ်အသွားအလာများအန္တရာယ်ကင်းစေရေးအတွက် ယဉ်အသွားအလာများ ရပ်တန့်ထားစေကြောင်းနှင့် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို မြို့နယ်လမ်းဦးစီးဌာနနှင့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ရေကျော်မှုများဖြစ်ပွားရာတွင် မိုင်တိုင် (၂၁/၀-၂၁/၃) အထိ (၃) ဖာလုံခန့်၊ မိုင်တိုင် (၂၂/၆-၂၂/၇) အတွင်း (၁) ဖာလုံခန့်၊ မိုင်တိုင် (၄၅/၄-၄၅/၇) အတွင်း (၂) ဖာလုံခန့်တို့တွင် ရေအမြင့် (၂) ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၄၃/၆-၄၃/၇) အတွင်း (၁) ဖာလုံခန့်တွင် ရေအမြင့် (၄) ပေခန့် လမ်းပေါ်ရေကျောင်လျက်ရှိကြောင်းသိရသည်။ မိုင်တိုင် (၂၈/၄-၂၈/၅) အတွင်း (ယာဘက်) အလျား (၂) ပေ အကျယ် (၃) ပေခန့်၊ မိုင်တိုင် (၄၀/၀-၄၀/၃) အတွင်း (ဝဲဘက်) အလျား (၂.၅) ဖာလုံ အကျယ် (၅) ပေခန့်၊ မိုင်တိုင် (၄၅/၇၄၆/၀) အတွင်း (ဝဲဘက်) အလျား (၁၅၀) ပေ အကျယ် (၅) ပေခန့်၊ မိုင်တိုင် (၄၆/၁-၄၆/၃) အတွင်း (ဝဲဘက်) အလျား (၂) ဖာလုံခန့် အကျယ် (၆) ပေခန့်နှင့် မိုင်တိုင် (၄၇/၂-၄၇/၃) အတွင်း (ဝဲဘက်) အလျား (၃၀၀) ပေခန့်အကျယ် (၁၄) ပေခန့်တို့ ကတ္တရာလမ်းသားများ ပဲ့ကျလျက်ရှိကြောင်း သိရသည်။ မိုင်တိုင် (၄၂/၂-၄၂/၃) အတွင်း (၂၅) ပေခန့်နှင့် မိုင်တိုင် (၄၇/၄-၄၇/၅) အတွင်း (၃၀) ပေခန့် တောင်ပြိုမြေများအား ရှင်းလင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

အလားတူ ပျော်ဘွယ်-ဘုရားငါးဆူလမ်းတွင် လမ်းပိုင်းရေကျော်မှုနှင့် လမ်းသားပဲ့ကျမှုများဖြစ်ပွားခဲ့ရာ မိုင်တိုင် (၁၀/၀-၁၀/၃) အတွင်း (၃) ဖာလုံခန့်တွင် ရေအမြင် (၂) ပေခန့် လမ်းပေါ်ရေကျော်လျက်ရှိပြီး မိုင်တိုင် (၁၁/၅-၁၁/၆) အတွင်း (၁) ဖာလုံခန့်တွင် ရေအမြင့် (၉) လက်မခန့် လမ်းပေါ်ရေကျော်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)