Skip to main content

ဒီပဲယင်းမြို့၊ ကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၅ လုံး ပျက်စီးခဲ့သည်ဟု သတင်းအမှားများ ဖြန့်ဝေရေးသားလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနီးရှိကံပြားရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်းများကြောင့် နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်လုပ်ရပ်များကိုအားပေးထောက်ခံခြင်းမရှိသည့် ဒေသခံပြည်သူများက ကံပြားရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းရှိလူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ယခုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို အချိန်မီတားဆီးဆောင်ရွက်နိုင်ခဲ့သည်ကိုမလိုလားသည့် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။