နေပြည်တော် စက်တင်ဘာ ၁၁
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Vivekananda International Foundation ခန်းမ၌ စက်တင်ဘာ ၁၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာမီဒီယာ သီးသန့်ဆွေးနွေးပွဲ 2d International Buddhist Media Conclave ကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
တက်ရောက်ဆွေးနွေး
အဆိုပါ သီးသန့်ဆွေးနွေးပွဲကို နိုင်ငံတကာဗုဒ္ဓဘာသာကွန်ဖက်ဒရေးရှင်း (International Buddhist Confederation-IBC) နှင့် ဗီဗီကန်နန္ဒာ နိုင်ငံတကာဖောင်ဒေးရှင်း (Vivekananda International Foundation -VIF) တို့ ပူးတွဲကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
အဖွင့်အမှာစကားပြောကြား
အခမ်းအနားဖွင့်ပွဲတွင် IBC ညွှန်ကြားရေးမှူးချုပ် Mr. Abhijit Halder ၊ VIF ဥက္ကဋ္ဌ Mr. SGurumurthy နှင့် ဧည့်သည်တော်များက အဖွင့်အမှာစကားပြောကြားကြသည်။
ခေါင်းစဉ်လေးရပ်ဖြင့်ဆွေးနွေး
ထို့နောက် ဆွေးနွေးပွဲကို ၂၁ ရာစု မီဒီယာ၏ အခန်းကဏ္ဍနှင့် ဆက်သွယ်ရေး၊ ပဋိပက္ခရှောင်ရှားရေးအတွက် သတိရှိစွာဖြင့် ဆက်သွယ်ပြောဆိုမှုကို အသုံးချခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဗုဒ္ဓမီဒီယာကွန်ရက်နှင့် ဗုဒ္ဓမီဒီယာလူမှုကွန်ရက်များ တည်ဆောက်ခြင်းဟူသည့် ခေါင်းစဉ်လေးရပ်ဖြင့်ဆွေးနွေးကြသည်။
ပါဝင်ဆွေးနွေး
မြန်မာနိုင်ငံမှ ရန်ကုန်မီဒီယာအုပ်စုဥက္ကဋ္ဌ ဦးကိုကိုသည် ဗုဒ္ဓမီဒီယာကွန်ရက်နှင့် ဗုဒ္ဓမီဒီယာလူမှုကွန်ရက်များ တည်ဆောက်ခြင်းဆွေးနွေးမှုတွင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်သည် IBC ညွှန်ကြားရေးမှူးချုပ် Mr. Abhijit Halder ကို စက်တင်ဘာ ၁၀ ရက် ညနေပိုင်းကတွေ့ဆုံကာ နိုင်ငံတကာဗုဒ္ဓဘာသာကွန်ဖက်ဒရေးရှင်းအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့သည်။
ပညာရှင်များတက်ရောက်
ယခုသီးသန့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအပါအဝင် အိမ်ရှင်အိန္ဒိယနိုင်ငံ၊ ဘူတန်၊ ကမ္ဘောဒီးယား၊ ချက်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မလေးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ဆွစ်ဇာလန်၊ ထိုင်း၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရှင်များနှင့် မီဒီယာများ တက်ရောက်ကြသည်။
သတင်းစဉ်