နေပြည်တော် စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်အတွင်း အသစ်တဖန် ပြန်လည်တည်ဆောက်ပြီးစီးသည့် “ရေလယ်ဘုရားကျောင်းဆောင်” အတွင်း ကိန်းဝပ်စံပယ်တော်မူသော “မာရဝိဇယပုံတူမြတ်စွာဘုရား” ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကြီးနှင့် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခြင်းအတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် ပဓာနနာယက မင်္ဂလာဇေယျုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ဆရာတော် သံဃာတော်များထံ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယကဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာ ဆရာတော် သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးရှိ ရေကြီးရေလျှံဖြစ်ပေါ်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်