Skip to main content

လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုကြောင့် လူနှင့် တိရစ္ဆာန်များအား ယာယီပြောင်းရွှေ့ပေးလျက်ရှိ

လယ်ဝေး စက်တင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ဘေးဝဲယာရှိ ရေများဝင်ရောက်နေသည့် ကျေးရွာများဖြစ်သည့် ကွမ်းခြံကျေးရွာ၊ ရုံးပင်ကျေးရွာ၊ ဗွက်ကြီးရိုးကျေးရွာ၊ ရေကာကျေးရွာ၊ ပေါက်မြိုင်ကျေးရွာများသို့သွားရောက်၍ လူနှင့် တိရစ္ဆာန်များအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများ၏နေအိမ်များ၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်း၊ အေလာဂိုဏ်းထောက်ကျောင်း၊ အေလာသရက်တောကျောင်း၊ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၊ ပျံချီဘုန်းတော်ကြီးကျောင်း၊ အောင်းကုန်းဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းပေး၍ လိုအပ်သည်များ ကူညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရှိရသည်။

လယ်ဝေးမြို့၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနန္ဒာကျော်ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရှိရသည်။

ဝေကြည်(ပြန်/ဆက်)