နေပြည်တော် စက်တင်ဘာ ၁၁
ယခုနှစ်မိုးရာသီအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ တပ်ကုန်း-မကျည်းပင်၊ မကျည်းပင်-ညောင်လွန့်၊ ရမည်းသင်း-အင်ကြင်းကန်၊ ပျော်ဘွယ်-ရှမ်းရွာ၊ သပြေတောင်း-သဲတောဘူတာအကြားနှင့် သာစည်-ရွှေညောင်-တောင်ကြီးလမ်းပိုင်းရှိ သာစည်-လှိုင်းတက်၊ လှိုင်းတက်-ဘုရားငါးဆူ၊ ဘုရားငါးဆူ-ယင်းမာပင်၊ မြင်းဒိုက်-ကလော၊ ကလော-အောင်ပန်း၊ ထီသိမ်-ပေါမူဘူတာအကြား လမ်းပိုင်းများနှင့် အောင်ပန်းဘူတာ ယာဒ်ဝင်းတို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်၍ တံတားများ ရေတိုက်စားပြီး ရထားလမ်းရေကျော်မှုများကြောင့် ရန်ကုန်- မန္တလေးနှင့် သာစည် - ရွှေညောင် ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှ စတင်၍ ယာယီရပ်နားထားကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ယာယီရပ်နားခဲ့သည့် ရထားများမှာ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမှတ်(၁)အဆန်၊ အမှတ်(၂)အစုန်၊ အမှတ်(၁၁)အဆန်နှင့် အမှတ်(၁၂) အစုန်ရထားများ၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် အမှတ်(၁၄၁)အဆန်နှင့် အမှတ် (၁၄၂) အစုန်ရထားများဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း သာစည်မြို့နယ် ရှမ်းရွာဘူတာယာဒ်ဝင်းနှင့် ရှမ်းရွာ-ပျော်ဘွယ်လမ်းပိုင်းအတွင်း ခုနစ်နေရာတို့တွင် သံလမ်းပေါ်ရေကျော်ခြင်းနှင့် ရထားလမ်းတာပေါင်ထူးပေါက်ခြင်း၊ ရှမ်းရွာနှင့် ရမည်းသင်းဘူတာအကြား ရှစ်နေရာတို့၌ ရထားလမ်းရေတိုက်စားခြင်း၊ တံတားအမှတ်(၅၁၅) အဆန်လမ်း စွန်းခံနေရာရေတိုက်စားခြင်း၊ တံတား အမှတ် (၅၂၉) ဒေါက်တိုင်ပြတ်ထွက်ခြင်းနှင့် မန္တလေးဘက်ခြမ်းတံတားရေတိုက်စားခြင်း၊ တပ်ကုန်း-မကျည်းပင်ဘူတာအကြား၊ မကျည်းပင်-ညောင်လွန့်ဘူတာအကြားနှင့် ညောင်လွန့်ဘူတာ ယာဒ်ဝင်းအတွင်း ရထားလမ်းပေါ် ရေကျော်နေခြင်း၊ ရမည်းသင်း-အင်ကြင်းကန်ဘူတာအကြား ရထားလမ်းတာပေါင် ထူးပေါက်ခြင်းတို့အပြင် ဝမ်းတွင်းမြို့နယ် သပြေတောင်း-သဲတောဘူတာအကြား တံတားအမှတ်(၆၉၁) အစုန်/အဆန် တံတားများ၏ အောက်ခြေရေထိရန် ကိုးပေနှစ်လက်မ ခန့်သာလိုတော့သဖြင့် ရထားဖြတ်သန်းရန် အန္တရာယ်ရှိနိုင်ခြင်းနှင့် သာစည်-ရွှေညောင်လမ်းပိုင်းအတွင်း သာစည်-လှိုင်းတက်ဘူတာအကြား တံတားအမှတ် (၃၀)၊ လှိုင်းတက် - ဘုရားငါးဆူဘူတာအကြား တံတားအမှတ်(၃၄)နှင့် (၃၅)တို့၏ တံတားတာပေါင်များ ရေတိုက်စားနေခြင်း၊ ဘုရားငါးဆူ-ယင်းမာပင် ဘူတာအကြား တံတားအမှတ် (၄၈)၏ ရွှေညောင်ဘက်ကမ်းကပ်ခုံ ရေတိုက်စားခြင်းနှင့် ရထားလမ်းတာပေါင်အား ရေတိုက်စားနေခြင်း၊ ကလော-မြင်းဒိုက် ဘူတာအကြား ခြောက်နေရာတွင် ရထားသံလမ်းပေါ်ရေကျော်နေခြင်း၊ အောင်ပန်းဘူတာယာဒ်ဝင်းအတွင်း သံလမ်းမျက်နှာပြင်အထက် ၁၀ လက်မခန့် ရေကျော်နေခြင်းတို့ကြောင့် ယနေ့နံနက်ပိုင်းမှ စတင်၍ ရထားလမ်းပိုင်းများအား ယာယီပိတ်သိမ်းခဲ့ရသည်။ ထို့အတူ တောင်ကြီး မြို့နယ်အတွင်း စက်တင်ဘာ ၉ ရက် မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေညောင်-တောင်ကြီးလမ်းပိုင်း ထီသိမ်-ပေါမူဘူတာအကြား တောင်ကြီးမြို့သို့ ရေပေးဝေသည့် ထီသိမ်ကန်မှ ရေများလျှံပြီး ရထားလမ်းတူးမြောင်း တာပေါင်ရေတိုက်စားမှုကြောင့် တာပေါင်ပြိုကျပြီး ရထားလမ်းပိတ်ဆို့ခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။
ရထားလမ်းပိုင်း ပိတ်သိမ်းမှုကြောင့် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသည့် အမှတ်(၁၁)အဆန် ရထားသည် နေပြည်တော်ဘူတာသို့ ယနေ့ညနေ ၅ နာရီ ၂၂ မိနစ်တွင် ရောက်ရှိပြီး ရထားဖြင့်လိုက်ပါလာသည့် ခရီးသည် ၁၁၈ ဦးအား နေပြည်တော် ဘူတာမှတစ်ဆင့် မန္တလေးသို့ မော်တော်ယာဉ်သုံးစီးဖြင့် ညနေ ၆ နာရီတွင် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် တံတားများ ရေထိုးမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေကျသွားသည့် အချိန်တွင် ရထားလမ်းမြေသားတာပေါင်နှင့် တံတားများအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး ကြံ့ခိုင်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် ရထားလမ်းပိုင်းနှင့် တံတားများ စစ်ဆေးပြုပြင်ပြီးပါက ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်