နေပြည်တော် စက်တင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြို အသိပညာပေးလှုပ်ရှားမှု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ မှုစကားဝိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်ကာ အထိမ်းအမှတ်အခမ်းအနားများနှင့် သဘာဝဘေးအသိပညာပေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေမှုများ လျော့ပါးစေရန်ထက် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းစေရန်ဆောင်ရွက်ပေးခြင်းက ပိုမိုထိရောက်စေနိုင်ကြောင်း နားလည်သဘောပေါက်လာသည့်အတွက် ၂၀၁၉ ခုနှစ်မှစ၍ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” (International Day for Disaster Risk Reduction-IDDRR) ဟူ၍ အမည်ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း။
ယခု ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်မှာ “အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့” (Empower-ing the Next Generation for a Resilient Future) ဖြစ်ကြောင်း၊ ကျောင်းသားလူငယ် မောင်မယ်များအနေဖြင့် အနာဂတ်တွင် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော စွမ်းအားမြင့်လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အတွေ့အကြုံဗဟုသုတများပြည့်ဝနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယနေ့စကားဝိုင်းမှ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများကိုသိရှိပြီး လျော့နည်းသက်သာစေရေး၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရေး၊ အဖွဲ့အစည်းများနှင့် အစီအမံများ ချိတ်ဆက်ဆောင်ရွက်ရေးတို့ကို သိရှိသကဲ့သို့ စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍစုံမှ ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးချဉ်းကပ်ရမည့် နည်းလမ်းများကို လေ့လာသိရှိမှတ်သားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းကို ဆက်လက်ကျင်းပရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၁၂ ခုရှိ ရေကြီးရေလျှံမှုဖြစ်ပွားနေသော နေရာဒေသများသို့ သွားရောက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်