မိတ္ထီလာ စက်တင်ဘာ ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ် မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါစေတီတော်မုခ်ဦးနှင့် ဆုပေးမဏ္ဍပ်၌ကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားမကျင်းပမီ သမိုင်းဝင်ဖောင်တော်ဦးစေတီတော်နှင့် ကရဝိက်တန်ဆောင်း မှန်ကျောင်းအတွင်း၌ ပင့်ဆောင်ကိုးကွယ်သည့် စင်္ကြာမုနိကြေးသွန်းရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းကို နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရေလည်ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တလာဘဝအပါအဝင် ပင့်သံဃာတော် ၁ဝ ပါးတို့က ဆောင်ရွက်တော်မူကြသည်။ ထို့နောက် ပင့်သံဃာ ၁ဝ ပါးတို့အား ဆွမ်းနှင့်လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး နှင့် အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချတရားတော်များ နာယူကြသည်။ ဆက်လက်၍ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးဝင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဇေယျ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်နှင့် စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဆုပေးမဏ္ဍပ်တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အမှာစကားပြောကြားပြီးနောက် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲအထူးပွဲ များကိုကျင်းပသည်။ သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား စက်တင်ဘာ ၁ဝ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ပုံမှန်ပွဲစဉ်များကို စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် အကြီးတန်းအမျိုးသားအသင်းခြောက်သင်း၊ အငယ်တန်းအမျိုးသားအသင်း ၂ဝ၊ အမျိုးသမီးအသင်း ၅ သင်း စုစုပေါင်းပြိုင်ပွဲဝင် လှေအသင်း ၃၁ သင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)