မန္တလေး စက်တင်ဘာ ၁၀
မြန်မာ့ထွက်ကုန်ပဲကြီးများ မန္တလေးဈေးကွက်အတွင်း၌ ယခုရက်ပိုင်းအတွင်း ပြည်တွင်း၊ ပြည်ပဝယ်လိုအားကြောင့် အရောင်းအဝယ်များကောင်းမွန်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှသိရသည်။
အဆိုပါ ပဲကြီးများသည် ဈေးကွက်အတွင်းသို့ နယ်စုံဒေသမှဝင်ရောက်လာပြီး အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း၊ ယခုလအတွင်း၌ ပြည်တွင်း၊ ပြည်ပဝယ်လိုအားများပြားလာမှုကြောင့် ပဲကြီး (အကြီး)၊ ပဲကြီး(အလတ်)နှင့် ပဲကြီး(အသေး)များ အရောင်းအဝယ်ကောင်းမွန်ပြီး ဈေးကောင်းများရရှိနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်ထံမှသိရသည်။
“ပဲကြီးက ပြည်တွင်းမှာလည်း မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်စွာစားသုံးကြတဲ့ ပဲအမျိုးအစားဖြစ်တဲ့အပြင် ပဲကြီးကနေ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပဲကြီးလှော်၊ ပဲကြော်ကိုထုတ်လုပ်ပြီး ပြည်ပနိုင်ငံကိုလည်း တင်ပို့မှုတွေရှိနေတယ်လို့ သိရပါတယ်။ ပဲကြီးက စတင်ထွက်ရှိချိန်ကတည်းက ဈေးကောင်းရတယ်။ ပဲကြီးက အကြီး၊ အလတ်၊ အသေးဆိုပြီးရှိပါတယ်။ ပဲကြီးက မြန်မာပြည်ရဲ့ မူရင်းမျိုးဖြစ်တယ်။ ပဲကြီးကို နှစ်စဉ်ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနေရပါတယ်။ ဒါကြောင့် အရောင်းအဝယ်တွေကောင်းပြီး ဈေးကောင်း ရရှိနေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါပဲကြီးကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆောင်းသီးနှံအနေဖြင့် တစ်ရာသီသာစိုက်ပျိုး၍ရကြောင်း၊ စပါး၊ ပဲတီစိမ်း၊ အခြားဆီထွက်သီးနှံများကဲ့သို့ သီးထပ်စိုက်ပျိုး၍မရကြောင်း၊ မိုးများသောဒေသများဖြစ်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် ပဲကြီးစိုက်ပျိုးမှုနည်းပါးကြောင်း၊ ပဲကြီးကို ပြည်တွင်းစားသုံးမှုများနှင့်အတူ ပြည်ပကိုလည်း နိုင်ငံခြားဝင်ငွေရရှိစေရန် တင်ပို့ရောင်းချနိုင်သည့်အတွက် တစ်နှစ်ထက်တစ်နှစ် တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)