နေပြည်တော် စက်တင်ဘာ ၁၀
အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင်ညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းမှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး အလားအလာကောင်းများ အများအပြားရှိသည့်အနက် ပုပ္ပားတောင်ဒေသသည် အလားအလာ အကောင်းဆုံးဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ပုပ္ပားတောင်အမျိုးသား ဘူမိဥယျာဉ်ကို သတ်မှတ်ကြေညာပြီးဖြစ်ကြောင်း၊ ၎င်းအား နိုင်ငံတကာအသိအမှတ်ပြု ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် ယူနက်စကိုသို့ စာရင်းတင်သွင်းရာတွင် သဘောသဘာဝမတူညီသော ဘူမိနယ်မြေများလေ ပိုကောင်းလေဖြစ်သောကြောင့် တိကျသောနယ်နိမိတ်အဝန်းအတွင်း နောက်ထပ်ဘူမိနယ်မြေအသစ်များကို ဆက်လက်ဖော်ထုတ်ရာ ကနဦးဘူမိနယ်မြေ ၁၅ ခုနှင့် ဖွဲ့စည်းပြီး ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်ကို အဆိုပြု နယ်မြေ ၁၅ ခုဖြင့် ထပ်မံတိုးချဲ့ပြင်ဆင် ဖွဲ့စည်းနိုင်ရေး အကောင်အထည်ဖော်ရာတွင် ကော်မတီဝင်များက ကဏ္ဍအလိုက်တာဝန်ခွဲဝေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရပါက မြန်မာနိုင်ငံ၏ သယံဇာတကြွယ်ဝမှုနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုသိရှိလာပြီး ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှုသမိုင်း၊ ဇီဝမျိုးစုံမျိုးကွဲ သဘာဝအလှတရားများ တစုတစည်းတည်းကို ဘူမိဥယျာဉ်တွင် တွေ့ရှိရမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်သတ်မှတ်နိုင်ရန် စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သောဌာနအဖွဲ့အစည်းများ၊ ပညာရပ်နှင့်သုတေသနဆိုင်ရာ အဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်နှင့် ကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ချက် ချမှတ်အကောင်အထည်ဖော်ဆောင် ရွက်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသားကော်မတီအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ အတွင်းရေးမှူး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းတိုးတက်မှုကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး-၁ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဆိုပြုဘူမိနယ်မြေ ၁၅ ခု သတ်မှတ်ဖွဲ့စည်းနိုင်ရေးနှင့် ရန်ပုံငွေသုံးစွဲမည့် အစီအစဉ်ပြင်ဆင်နိုင်ရေးကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး-၂ ဘူမိဗေဒနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယူနက်စကို တစ်ကမ္ဘာလုံးဆိုင်ရာ စိစစ်ရန်အချက် ၁၀၁ ချက် အကောင်အထည်ဖော်ရာတွင် ကော်မတီအဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမည့် အစီအစဉ်များကိုလည်းကောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း Geopark ကော်မတီဥက္ကဋ္ဌက UNESCO Global Geopark Management ဆိုင်ရာများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ဆုံးဖြတ်ကြသည်။
သတင်းစဉ်