Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ဆိုင်ကယ်များ၊ ယာဉ်များနှင့် တရားမဝင်ငါးဖမ်းရေယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၄ ရက်တို့တွင် ပျဉ်းမနားမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်သုံးစီး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၅၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၃ ရက်တွင် ဘားအံမြို့နယ်အတွင်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုး၊ လုပ်ငန်းသုံးပစ္စည်းငါးမျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၀၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်၊ ၂၅ ရက် နှင့် ၂၇ ရက်တို့တွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်သုံးစီးစုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဘုတ်ပြင်းမြို့နယ် ခိုကျွန်းနှင့်မြိတ်မြို့နယ် သန္တာနက်ကျွန်းအနီးတို့၌ တရားဝင်ငါးဖမ်းခွင့်လိုင်စင်မရှိသည့် ရေယာဉ်လေးစင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၀၇၀၀၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရ လည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်တို့တွင် ထားဝယ်မြို့နယ်နှင့် မြိတ်မြို့နယ်တို့၌ တရားမဝင်မီးသွေး ၃ ဒသမ ၆၃၀ တန်၊ အခြားသစ် ၂ ဒသမ ၅၆၂ တန်နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် သုံးဘီးဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၀၈၁၇၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် မြိတ်မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့၌ လိုင်စင်မဲ့ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၇၇၈၁၇၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၅ ရက်တွင် ဇီးကုန်းမြို့နယ်အတွင်း၌ တရားမဝင် ကျွန်းသစ် သုညဒသမ ၅၁၂တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၄၈၇၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၄ ရက်တွင်ဆင်ပေါင်ဝဲ မြို့နယ်ကိုးပင်ကျေးရွာ၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူရောရာ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၃၀၀၀ ကိုသိမ်းဆည်းရမိခဲ့ပြီး လောင်းကစား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၄ ရက်မှ၂၀ ရက်အထိ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ရတနာပုံတံတား (နှာပေါက်)စစ်ဆေးရေးဂိတ်တို့၌ လိုင်စင်မဲ့ဆိုင်ကယ်ခြောက်စီးနှင့် သုံးဘီးဆိုင်ကယ်တစ်စီးစုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သထုံမြို့နယ် အတွင်း၌ တရားမဝင်စက်သုံးဆီ ဓာတ်ဆီ ၃၈၇ ဂါလန်၊ ဒီဇယ်ဆီ ၃၂၂၆ ဂါလန် (ခန့်မှန်းတန်ဖိုးငွေ ၄၃၇၈၃၃၆၆ ကျပ်)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၀ ရက်၊ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၈စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၉၇၇၈၃၃၆၆ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်မှ၂၄ ရက်အထိ ရွှေပြည်သာမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ်ခုနစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်တွင် အသုတ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် သုညဒသမ၉၃၆ တန် (ခန့်မှန်းတန်ဖိုး ငွေ၁၂၇၄၀၅ ကျပ် ) ကို သစ်တောဥပဒေအရလည်းကောင်း၊ စက်တင်ဘာ ၂၄ ရက်တွင် ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၃၂၇၄၀၅ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်နှင့် ၂၅ ရက်တို့တွင် မြန်မာ့စာတိုက်လုပ်ငန်း၊ ပြည်ပစာပို့လုပ်ငန်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။

ယင်းအပြင် သြဂုတ် ၂၈ ရက်၊ ၂၉ ရက်နှင့် စက်တင်ဘာ ၁၂ ရက် မှ ၂၅ ရက်အထိ ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၆၂ မှု (ခန့်မှန်းတန်ဖိုးငွေ ၇၁၀၉၀၆၈၁၁ ကျပ်)ကို သိမ်းဆည်းရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ်များစွာ ဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်