Skip to main content

TTTC (ဘယ်လင်း) ၌ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၀

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ်(Electric Vehicle၊ EV) နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း၌ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)တွင် ကျင်းပသည့် EV ပြုပြင် ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာကြီး၌ Global Warming နှင့် Climate Change တို့ကြောင့် ရေရှည်တည်တံ့မှုနှင့် ဖွံ့ဖြိုးမှုများကို စိန်ခေါ်မှုများတွေ့ကြုံလာရပြီဖြစ်ရာ Global Roadmap အဖြစ် သယ်ယူပို့ဆောင်ရေး ယာဉ်များအပါအဝင် စွမ်းအင်သုံးစွဲမှုများမှ ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ကမ္ဘာတစ်ဝန်း EV သုံးစွဲမှု အပြိုင်အဆိုင် ဖွံ့ဖြိုးလာသည်ကို အထင်အရှားတွေ့မြင်ရပြီး နည်းပညာသစ်များကို တွင်ကျယ်စွာအသုံးချလာကြကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှိ ပြည်သူများ EV သုံးစွဲမှုမှ အကျိုးကျေးဇူးများကို ရရှိခံစားကြစေရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဌာနများပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ EV နည်းပညာကဏ္ဍတွင် နောက်ကျမကျန်ခဲ့ရအောင် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သင်တန်းများကို စံနှုန်းများနှင့်အညီဖွင့်လှစ်ကာ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ EV သင်တန်းများကို နည်းပညာလိုအပ်ချက်များနှင့်အညီ တိုးချဲ့ဖွင့်လှစ်သွားရန်ရှိကြောင်း၊ ပြည်သူများ၏လက်ဝယ်အရောက် EV အသိပညာ ဖြန့်ဝေမှုများကို ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက် သွားရေးဌာနဆိုင်ရာများနှင့် EV ပြင်ပအဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းသင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသားများ၊ ပြင်ပ EV ကုမ္ပဏီများ နှင့် EV Workshop များမှ သင်တန်းသားများ တက်ရောက်ကြပြီး EV အဆင့်မြင့် သင်ထောက်ကူပစ္စည်းများကို Electude Digital Learning Management System နှင့်တွဲဖက်ပြီး စက်တင်ဘာ ၉ ရက်မှ ၂၇ ရက်အထိ သင်တန်းကာလသုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်း၊ သင်တန်းချိန် နာရီ ၉၀ ဖြင့်ပို့ချ မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်