Skip to main content

ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၌ သုတရတနာစာကြည့်တိုက်သစ် ဖွင့်လှစ်

ဘားအံ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် (၁၅၀) သိန်း၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်(၉၀)သိန်း စုစုပေါင်းငွေကျပ် (၂၄၀) သိန်းကျော်ဖြင့် တည်ဆောက်ပြီးစီးသည့် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စုရှိ သုတရတနာစာကြည့်တိုက်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ စာကြည့်တိုက်သစ်အဆောက်အဦတည်နေရာ၌ ကျင်းပသည်။

စာကြည့်တိုက်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာကြည့်တိုက်များနှင့် စာအုပ်စာပေများသည် မိမိတို့လက်လှမ်းမီသောနေရာများတွင်သာတည်ရှိနေပြီး လွယ်လင့်တကူ လေ့လာဖတ်ရှုနိုင်ကြကာ လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခုဖြစ်သည်ကြောင့် စာကြည့်တိုက်မှ စာအုပ်စာပေများကို ဖတ်ရှု၍ ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲ စာပေဖတ်ရှုလေ့လာနိုင်အောင် စာဖတ်များအောင် တိုက်တွန်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စေတနာရှင်၊ အလှူရှင်များနှင့် ဌာနဆိုင်ရာများက အိန္ဒဲကျေးရွာအုပ်စု၊ သုတရတနာစာကြည့်တိုက်အတွက် ငွေပဒေသာပင်များ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌက သုတရတနာစာကြည့်တိုက်အတွက် ပြည်နယ်လူမှုရေးဝန်ကြီးထံ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်က စာကြည့်တိုက်များ တည်ဆောက်ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က စာကြည့်တိုက်အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်များ၊ စာအုပ်စာစောင်နှင့် ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံ လွှဲပြောင်းပေးအပ်ကာ စာကြည့်တိုက်ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတစ်ဦးတို့က သုတရတနာစာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အဆောက်အဦအား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ စာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်၊ ပရိဘောဂများနှင့် ဒေသခံပြည်သူများ၏ သုတ၊ ရသ စာအုပ်စာစောင်များ လာရောက်လေ့လာဖတ်ရှုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနှင့်ဆောင်ရွက်၍ မရနိုင်သည်ကြောင့် အဆင့်ဆင့်သော သန်းခေါင်စာရင်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များ၏ညီညွတ်သောအင်အားဖြင့် အောင်မြင်အောင်ဆောင်ရွက်ပြီး သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်မည့် အခွင့်အခါကောင်း တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်က သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်များနှင့်ပတ်သက်၍ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ သန်းခေါင်စာရင်းကောက်ယူနိုင်မည့် ကောက်ကွက်စာရင်းချုပ်၊ စာရင်းစစ်၊ စာရင်းကောက်ခန့်ထားမှုနှင့် အချိန်မီအစားထိုးခန့်ထားနိုင်ရေးစီမံဆောင်ရွက်ထားမှု၊ ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်သန်းခေါင်စာရင်းကော်မတီဝင်များက ကောက်ကွက်များတိုးချဲ့စီမံဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးဆိုင်ရာစီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်များအလိုက် အတည်ပြုခန့်ထား ရမည့်စာရင်းစစ်စာရင်းကောက်အရေအတွက်၊ သန်းခေါင်စာရင်းမကောက်ယူနိုင်သည့် ကျေးရွာအုပ်စုများ၊ ကောက်ယူနိုင်သည့် ကျေးရွာအုပ်စုများ၊ စာရင်းစစ်၊ စာရင်းကောက်များတာဝန်ပေးအပ်ထားမှု အစရှိသည့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)