ရန်ကုန် စက်တင်ဘာ ၁၀
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား (37th Thai King'sCup) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခုဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့သို့ ထိုင်းလေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
အောင်ပွဲရ မြန်မာအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲထွဋ်တင်၊ ဒုတိယဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ကျောင်းသားကျောင်းသူများ၊ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
မြန်မာ ပိုက်ကျော်ခြင်း အားကစားအဖွဲ့သည် ယင်းပြိုင်ပွဲတွင် နည်းပြအုပ်ချုပ်သူခြောက်ဦး၊ ကစားသမား အမျိုးသား ၁၂ ဦး၊ ကစားသမား အမျိုးသမီး ၁၁ ဦးတို့ ပါဝင်ကာ အမျိုးသားပြိုင်ပွဲများဖြစ်သည့် Team, Quadrant, Mixed regu, Mixed quadrant နှင့် အမျိုးသမီးပြိုင်ပွဲများဖြစ်သည့် Team, Quadrant, Hoop စသည့် ပြိုင်ပွဲခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသား Mixed regu ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်)ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု၊ အမျိုးသား+အမျိုးသမီးလေးယောက်တွဲ ပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီးအသင်းပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု၊ အမျိုးသားအသင်းပြိုင်ပွဲတွင် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ကြသည်။
အဆိုပါ ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ မြန်မာ၊ တောင်ကိုရီးယား၊ ဂျပန်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘော ဒီးယား၊ အိန္ဒိယ၊ အမေရိကန်၊ သီရိလင်္ကာ၊ အီရန်၊ အိုမန်၊ ဩစတြေးလျ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နယူးဇီလန်၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ အရှေ့တီမော၊ ပိုလန်၊ အီရတ်၊ အီတလီ၊ တရုတ် (တိုင်ပေ) အစ ရှိသည့်နိုင်ငံ ၂၈ နိုင်ငံမှ လက်ရွေးစင်ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အအောင်မြင်ဆုံးအသင်းများမှာ ထိုင်းအသင်းနှင့်မလေးရှားအသင်းတို့ဖြစ်ကြပြီး မြန်မာ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်အသင်းတို့သည် ယခုနောက်ပိုင်းတွင် အင်အားတောင့်တင်းလာသည့် အသင်းကောင်းများ ဖြစ်ကြကြောင်းနှင့် မြန်မာပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်ကပြုလုပ်သည့် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ငွေတံဆိပ်သုံးခုနှင့်ကြေးတံဆိပ် သုံးခုရရှိခဲ့ကြောင်းလည်း သိရှိရသည်။
သတင်းစဉ်