Skip to main content

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၀

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း ပထမထပ်စုဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ ဦးက သတင်းမီဒီယာကောင်စီဝင်ကိုယ်စားပြု ကိုယ်စားလှယ်အတွက် ဆန္ဒမဲပေးကြရာ ကိုယ်စားလှယ်လောင်း ၁၄ ဦးအနက် ဦးအေးချမ်း၊ ဦးတင်ဝင်း (တင်ဝင်းလေး-ကြည့်မြင်တိုင်) နှင့် ဦးမောင်မောင်ဦး (ဟိန်းလတ်)တို့ သုံးဦးကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (စတုတ္ထ) သက်တမ်းအတွက် ရွေးချယ်ထားသည့်ကောင်စီဝင် ၂၆ ဦးရှိပြီး ယနေ့တင်မြှောက်သောသုံးဦးကို ကန့်ကွက်လိုပါကယနေ့မှစ၍ ခုနစ်ရက်အတွင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်ရွေးချယ် တင်မြှောက်ရေးအဖွဲ့ထံ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ ကန့်ကွက်စာပေးပို့နိုင် ကြောင်း၊ ကန့်ကွက်စာများရှိပါက လက်ခံရရှိသည့်နေ့မှ ၁၅ ရက်အတွင်း ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်ကာ အတည်ပြုပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (စတုတ္ထ) သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲကို စက်တင်ဘာလတတိယပတ် အတွင်းထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်