Skip to main content

ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပလျက်ရှိသည့် အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ ( AALCO) ၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၀

အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (Asian-African Legal Consultative Organization-AALCO) ၏ (၆၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ထိုင်းနိုင်ငံဘန်ကောက်မြို့၌ စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် အထိ ကျင်းပလျက်ရှိရာ အဆိုပါအစည်းအဝေးသို့ ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

အဖွင့်အမှာစကားများပြောကြား

အဆိုပါ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol နှင့် ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

နှစ်ပတ်လည် အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) သည် အပြည်ပြည်ဆိုင်ရာ ဥပဒေဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရအချင်းချင်းအကြား လက်တွဲပူးပေါင်းဆောင်ရွက်သည့် အဓိကကျသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ကို ယခင်က ဥပဒေအတိုင်ပင်ခံကော်မတီ (ALCC) အဖြစ် ၁၉၅၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းသည် ၁၉၅၅ ခုနှစ် ဧပြီလတွင်ကျင်းပခဲ့သည့် သမိုင်းဝင်ဘန်ဒေါင်းညီလာခံ၏ ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကနဦးအဖွဲ့ဝင် (Founding Member)ဖြစ်ပြီး မြန်မာနိုင်ငံနှင့်အတူ သီရိလင်္ကာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရတ်၊ ဂျပန်နှင့်ယူနိုက်တက်အာရပ် စသည့်နိုင်ငံခုနစ်နိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံများဖြစ်ပါကြောင်း၊ ညီလာခံ၏ရည်ရွယ်ချက်သည် အာရှ-အာဖရိကနိုင်ငံများတွင် စီးပွားရေးနှင့်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန်ဖြစ်ပါကြောင်း၊ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) သည် ဘန်ဒေါင်းညီလာခံအပြီး ပေါ်ပေါက်ခဲ့သော ဘက်မလိုက်အဖွဲ့အစည်း Non-Aligned Movement (NAM) ဖြစ်ပြီး အာရှနှင့်အာဖရိကနိုင်ငံများသာပါဝင်ပါကြောင်း၊ ဘန်ဒေါင်းညီလာခံကြေညာချက်နှင့် ဘန်ဒေါင်းမူသဘောတရားများသည် ဘက်မလိုက်ခြင်း Non-Aligned Movement (NAM)၏ အခြေခံကျသော မူသဘောတရားများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နှစ်ပတ်လည်အစည်းအဝေးတွင်ဆွေးနွေးမည့် အဆိုပြုချက်များအနက် မြန်မာနိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်များကို ထုတ်နုတ်ပြောကြားရာတွင် သဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) ရေးဆွဲချမှတ်၍ ယင်းစီမံကိန်းနှင့်အညီ ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကဲ့သို့သော ရာဇဝတ်မှုများနှင့်ဆက်နွှယ်သည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention against Corruption- UNCAC) ကို လက်မှတ်ရေးထိုးပြီး ပြည်တွင်း ဥပဒေမူဘောင်၊ စည်းမျဉ်းစည်းကမ်းများချမှတ်၍ ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea – UNCLOS) ကို အတည်ပြုပါဝင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဏ္ဏဝါသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကာကွယ်တားဆီးရန် အလို့ငှာရေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးဥပဒေ (မူကြမ်း) ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အာကာသပိုင်နက်နှင့်စပ်လျဉ်း၍ အာကာသသည် လူသားတိုင်းနှင့်သက်ဆိုင်ပြီး နိုင်ငံများ၏ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးမှုအဆင့်အပေါ် မသတ်မှတ်ဘဲ လူသားအားလုံး တန်းတူညီမျှ ရရှိပိုင်ဆိုင်ခွင့်ရှိစေရမည်ဟူသော မူဝါဒကိုကျင့်သုံးလျက် ပြည်တွင်းဥပဒေမူဘောင် ချမှတ်ဖော်ဆောင် နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်ပတ်လည်အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင် (International Law Commission- ILC) မှ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ပင်လယ်ပြင်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာလေပိုင်နက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ပတ်လည်အစည်းအဝေး၌ တက်ရောက်လျက်ရှိသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်