နေပြည်တော် စက်တင်ဘာ ၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ အလှည့်ကျသဘာပတိ ဦးကြည်လွင်က ၂၀၁၄ ခုနှစ်တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ တတိယဖောင်းရစ်နှင့် ၂၀၁၉ ခုနှစ်တွင် ဒုတိယဖောင်းရစ်တို့ကို ရဟန်းရှင်လူပြည်သူအများ၏ လှူဒါန်းမှုဖြင့်ရွှေစင်ရွှေပြားများ ဆက်ကပ်လှူဒါန်းခဲ့ မှု၊ ၂၀၂၄ ခုနှစ်တွင် ပထမဖောင်းရစ်ဧရိယာရှိ ၃၅၅၆ ဒသမ ၇၂ စတုရန်းပေကို တစ်ပေပတ်လည် ရွှေစင်ရွှေပြား ၃၆၅၉ ချပ်ကို ရဟန်းရှင်လူပြည်သူအများ၏ လှူဒါန်းမှုဖြင့် ကပ်လှူခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးကစေတီတော် ကြီးကိုယ်လုံးထည် အချို့နေရာများ၌ ဆေးကွာနေမှုများဖြစ်ပေါ်နေသဖြင့် ရွှေဆေးများသုတ်ရန်လိုကြောင်း၊ ငြမ်းရှိနေစဉ် စေတီတော်မြတ်ကြီး၏ ကြံ့ခိုင်မှုများကို ဂေါပကအဖွဲ့အနေဖြင့် ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များဖြင့်စစ်ဆေးရန်၊ ပြင်ဆင်ရန်လိုအပ်ပါက ပြင်ဆင်မှုများဆောင်ရွက် သွားရန်လိုကြောင်း မှာကြားသည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြားကပ်လှူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ဆောင်ရွက်ခဲ့ပြီး ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို မတ် ၁၃ ရက်က ကျင်းပခဲ့ရာ အလှူရှင် ၃၂၁ ဦးက ရွှေစင်ရွှေပြား ၆၆၈ ချပ်ကို လှူဒါန်းခဲ့ကြောင်း၊ ဒုတိယအကြိမ် အလှူငွေ ပေးအပ်ပွဲကိုဇွန် ၁၅ ရက်က ကျင်းပခဲ့ပြီး အလှူရှင် ၇၂ ဦးက ရွှေစင်ရွှေပြား အချပ် ၁၉၀ ကို လှူဒါန်းခဲ့ကြောင်း၊ စက်တင်ဘာ ဒုတိယပတ်တွင် တတိယအကြိမ် အလှူငွေပေးအပ်ပွဲကို ကျင်းပမည်ဖြစ်သဖြင့် ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်