နေပြည်တော် စက်တင်ဘာ ၈
ယနေ့နံနက် ၁၀ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံစစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၅၅ မိုင်ခန့်၊ သံတွဲမြို့၏ အနောက်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံကာလင် ဂါပတ္တနမ်မြို့၏ အရှေ့ဘက်ရေမိုင် ၁၆၅ မိုင်ခန့်အကွာ၊ ဂိုလ်ပါပူမြို့၏ အရှေ့-အရှေ့တောင်ဘက်ရေမိုင် ၁၄၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၄၀ ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် ၂၂၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။
မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ မုန်တိုင်းငယ်သည်နံနက် ၁၀ နာရီခွဲတွင် မြောက်လတ္တီကျု ၁၈ ဒသမ ၀ ဒီဂရီနှင့်အရှေ့လောင်ဂျီကျု ၈၇ ဒသမ ၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင် နှုန်းခန့် ဖြစ်သည်။
နောက် ၇၂ နာရီအတွင်း ခန့်မှန်းချက်
အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံဩရိဿ ပြည်နယ်မြောက်ပိုင်း ကမ်းခြေ-အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှတစ်ဆင့် အနောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်း-အနောက်ဘင်္ဂလား ပြည်နယ်တို့မှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နေ့လယ်မှ ၁၂-၉-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မိုး/ဇလ