နေပြည်တော် စက်တင်ဘာ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းခန်းမ၌ ပြုလုပ်သည့် မသန်စွမ်းကျောင်းသား ကျောင်းသူများ၏ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝအရ အချို့သောသဘာဝဘေးအန္တရာယ်များသည် ရာသီဥတုဖြစ်စဉ်များအပေါ်မူတည်ပြီး အချိန်ကာလအလိုက် ဖြစ်ပွားလေ့ရှိသကဲ့သို့ ငလျင်ဘေးအန္တရာယ်ကဲ့သို့သော ဘေးအန္တရာယ်မျိုးမှာမူ နေရာဒေသမရွေး၊ အချိန်ကာလမရွေး ကျရောက်ဖြစ်ပွားနိုင်သည့်အတွက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိထားပြီး ဘေးအန္တရာယ်မှ လျော့ပါးသက်သာစေနိုင်သည့် ရှောင်တိမ်းရန်နည်းလမ်းများကိုလည်း အလေ့အကျင့်ပြုလုပ်ထားရှိရန် လိုအပ်ပါကြောင်း။
အတွေ့အကြုံကောင်းများဖြင့်ပေါင်းစပ်
ယနေ့ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်သည့် မသန်စွမ်းကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်များအနေဖြင့် မသန်သော်လည်းစွမ်းသည့် မိမိတို့၏ စွမ်းရည်များကို ဇာတ်တိုက်လေ့ကျင့်မှု အတွေ့အကြုံကောင်းများဖြင့် ပေါင်းစပ်၍ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်ကို ဘေးအန္တရာယ်များ၏ ထိခိုက်မှုမှလျော့နည်းစေရေးပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်အရ နံနက်ပိုင်းတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၌ မသန်စွမ်းကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကိုပြုလုပ်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်း၌ အမြင်အာရုံမသန်စွမ်းသူ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်မဖြစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်အိတ်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွား နေစဉ်နှင့် ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်များကို ပြောကြားခြင်း၊ ဘေးလွတ်ရာနေရာများသို့ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်း တိမ်းရှောင်ခြင်း၊ မိသားစုဆုံရပ်များသို့ သွားရောက်ခြင်းတို့ကို စိတ်ပါဝင်စားစွာဖြင့် ပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်