နေပြည်တော် စက်တင်ဘာ ၆
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀) ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင် - ၁၀၀၀)၊ သန်လျင်မြို့နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်