Skip to main content

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှ တစ်ဆင့် လွှဲပြောင်းပေးပို့ရန် သတ်မှတ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ( ၁၀၈ /၂၀၂၄)

၁၃၈၆ ခုနှစ်၊ ဝါခေါင်လဆုတ် ၉ ရက်

(၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၃၁ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ရန် သတ်မှတ်ခြင်း

၁။ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခလစာ၏ အနည်းဆုံး ၂၅ % ကို မိမိ၏မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ % သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ % ကို မိမိ၏မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ လွှဲပြောင်းပေးပို့ရမည်။

၂။ အပိုဒ် ၁ ပါ နည်းလမ်းများအတိုင်း မိမိ၏မိသားစုဝင်များထံသို့ တရားဝင်လွှဲပို့ထားသော မိသားစုလွှဲပို့ငွေများကို တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေအဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲပြောင်းပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သေချာစွာသိမ်းဆည်းထားရမည်။

၃။ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများသည် အပိုဒ် ၁ ပါနည်းလမ်းများအတိုင်း တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအား တာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံသို့ မပျက်မကွက်မိတ္တူပေးပို့ရမည်။

၄။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများသည် မိမိစေလွှတ်ခဲ့သည့် အလုပ်သမားများအား တရားဝင်ငွေလွှဲပြောင်းပေးပို့ရာတွင် လွယ်ကူ၊ မှန်ကန်၊ မြန်ဆန်စေရေးလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရမည့်အပြင် အလုပ်သမားများမှ လစဉ်လွှဲပို့သည့် အထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနသို့ လချုပ်အဖြစ် အထောက်အထားများ ပူးတွဲလျက် မပျက်မကွက်တင်ပြရမည်။

၅။ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အပိုဒ် ၁ ပါ နည်းလမ်းများအတိုင်း မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်းစသည်တို့အပြင် လိုအပ်သလို စိစစ်အရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်သည်။

၆။ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏ မိသားစုဝင်များထံသို့ ငွေလွှဲပို့ရာတွင် မိသားစုလွှဲပို့ငွေများကို တရားမဝင်ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူများမှတစ်ဆင့် ငွေလွှဲပြောင်းပေးပို့ခြင်း မပြု (မပြု) ကြရန်နှင့် တရားဝင်လမ်းကြောင်းများမှသာ လွှဲပြောင်းပေးပို့ကြရမည်ဖြစ်သည်။

မြင့်နောင်

ပြည်ထောင်စုဝန်ကြီး