Skip to main content

Mpox ရောဂါ နိုင်ငံတကာ အဝင်ဂိတ်ပေါက်များမှ ဝင်ရောက်လာမည့် ခရီးသည်များမှတစ်ဆင့် ကူးစက်ဖြစ်ပွားမှုမရှိစေရေး စီစဉ်ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၅

ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myan-mar CDC) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက Mpox ရောဂါသည် မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုမရှိသေးကြောင်း၊ ပြည်တွင်းသို့ လာရောက်သည့် နိုင်ငံတကာ အဝင်ဂိတ်ပေါက်များမှ ဝင်ရောက်လာမည့် ခရီးသည်များမှတစ်ဆင့် ကူးစက်ဖြစ်ပွားမှုမရှိစေရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ Mpox ရောဂါသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါမဟုတ်ဘဲ ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှသာ ကူးစက်နိုင်သည့် ရောဂါဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားနိုင်သည့် လူအုပ်စု (Special targeted group) များအလိုက် အသိပညာပေးကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအနေဖြင့် ကူးစက်ရောဂါနှင့် မကူးစက်တတ်သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်နင်းစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ကျေးလက်ဒေသများရှိ ကျန်းမာရေးဌာနများအထိ ဆေးဝါးများနှင့် ပစ္စည်းကိရိယာများကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ကုသရေးဦးစီးဌာနဆေးရုံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မကူးစက်နိုင်သောရောဂါများ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါနှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်များမှ ဆေးဝါးများကိုလည်း ပြည်သူများထံ ထိရောက်စွာရောက်ရှိရေးအတွက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများက သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျန်းမာရေးဌာနများနှင့် ဆေးရုံများ ဖွင့်လှစ်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ သားဖွားခန်းများတွင် မွေးဖွားပေးနိုင်မှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စီမံချက်လုပ်ငန်းများမှ ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများရရှိမှု၊ သုံးစွဲမှုအခြေအနေ၊ ဆေးရုံများတွင် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများရရှိမှု၊ သုံးစွဲမှုအခြေအနေ၊ Mpox ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍကြိုတင်ပြင်ဆင်ထားရှိမှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အခြေအနေတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားပြီး ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်သည်များကို တင်ပြကြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်