Skip to main content

၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် “သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်အပ်နှင်းနိုင်ရေး စိစစ်ရေးအဖွဲ့” ၏ ဂုဏ်အင်္ဂါအရည်အချင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၅

၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် “သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းနိုင်ရေးစိစစ်ရေးအဖွဲ့” ၏ ဂုဏ်အင်္ဂါအရည်အချင်းစိစစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

စိစစ်ဆောင်ရွက်လျက်ရှိ

ဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းဟူသည့် မွန်မြတ်သောအစဉ်အလာသည် မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပင် အရာဌာနအားလျော်စွာ ထူးချွန်ထက်မြက်သည့် ဘိက္ခု၊ ဘိက္ခုနီနှင့် လူပုဂ္ဂိုလ်များကို “ဧတဒဂ်” ဘွဲ့ထူးများ ချီးမြှင့်ပေးတော်မူခဲ့ပြီး ထိုမွန်မြတ်သော အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် မြန်မာနိုင်ငံတွင် ရှေးဘုရင်များလက်ထက်ကတည်းက ယနေ့အချိန်ထိ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဂုဏ်အင်္ဂါအရည်အချင်းများ သတ်မှတ်ရေးဆွဲ ပြဋ္ဌာန်း၍ ခေတ်အဆက်ဆက် ဆက်ကပ်ချီးမြှင့်ခဲ့ကြကြောင်း၊ ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ အဆိုပြုလျှောက်ထားလာမှုနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။

နောက်ကြောင်းကင်းရှင်းမှု ရှိ/မရှိ စိစစ်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် သတင်းရဲတပ်ဖွဲ့တို့အနေဖြင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ရန် လျှောက်ထားလာသည့် ရဟန်း၊ သီလရှင်တို့နှင့်ပတ်သက်၍ ဝိဝါဒါဓိကရုဏ်းမှုခင်း၊ အနုဝါဒါဓိကရုဏ်းမှုခင်းများကင်းရှင်းမှု ရှိ/မရှိနှင့် ဘွဲ့တံဆိပ်လျှောက်ထားလာသည့် လူပုဂ္ဂိုလ်တို့၏ ကိုယ်ရေးနောက်ကြောင်းကင်းရှင်းမှု ရှိ/မရှိ တို့ကို စိစစ်ပေးရန်ဖြစ်ပါကြောင်း။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်တွင်းမှ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့လျှောက်ထားလာသည့် လူပုဂ္ဂိုလ်တို့နှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် နိုင်ငံတော်သို့ ပေးဆောင်ရမည့်အခွန်ငွေများ အကျေပေးသွင်းပြီးခြင်း ရှိ/ မရှိ၊ အခြားပေးရန် ကြွေးကျန်များ ရှိ/ မရှိတို့ကို စိစစ်ပေးရန်ဖြစ်ပါကြောင်း။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနအနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လျှောက်ထားလာသည့် ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့နှင့်ပတ်သက်၍ နိုင်ငံသားဖြစ်မှုအခြေအနေနှင့် သာသနာဝင်စိစစ်‌ရေးကတ်၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်မှုအခြေအနေတို့ကို စိစစ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း။

အချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးစား

ယခု ၂၀၂၅ ခုနှစ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အဆိုပြုလျှောက်ထားလာသည့် အဆိုပြုစာရင်းများအနက် ပြည်တွင်းမှ ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့၏ စိစစ်ချက်များကို အချိန်မီတင်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန် အထူးမေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ဦးစီးဌာနအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်အဆိုပြုလွှာများ စိစစ်ဆောင်ရွက်ထားရှိမှုအခြေအနေကို ဆွေးနွေးတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနတို့က သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်သွားမည့် အခြေအနေတို့ကို ဆွေးနွေးတင်ပြကြသည်။

မှန်မှန်ကန်ကန်စိစစ်ရွေးချယ်

ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် အဂတိလေးပါးကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန်စိစစ်ရွေးချယ်နိုင်ရေးတို့အတွက် တာဝန်ရှိသူအားလုံးတို့က သာသနာတော်နှင့် ပြည်သူလူထုအပေါ်မှာ တာဝန်ထမ်းဆောင်ရင်းဖြင့် ကုသိုလ်ပြုကြပါရန် တိုက်တွန်းပြောကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်